ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)တွင် အခြေခံ မြန်မာ့ရိုးရာ သိုင်းပညာသင်တန်းဖွင့်လှစ်

ဒဂုံဆိပ်ကမ်း ဒီဇင်ဘာ ၂၀
ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်)တွင် အခြေခံမြန်မာ့ရိုးရာ သိုင်းပညာသင်တန်းကို ယမန်နေ့ ညနေ ၄ နာရီက ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်ရှိ အဆိုပါဒီဂရီကောလိပ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီ ကောလိပ်(ရန်ကုန်)မှ ကျောင်းအုပ်ကြီး ဦးထိန်လင်းက အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ ပညာသင်ယူနေကြသည့် တိုင်းရင်းသား လူငယ်မောင်မယ်များကို ကျန်းမာ ကြံ့ခိုင်ပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ ဘောဂ၊ မိတ္တ စသည့် ဗလငါးတန်နှင့် ပြည့်စုံသည့် လူ့စွမ်းအား အရင်းအမြစ်ကောင်းများ ဖြစ်လာစေရန်နှင့် ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်း စောင့်ရှောက်လိုသည့် စိတ်ဓာတ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ အခြေခံမြန်မာ့ရိုးရာ သိုင်းသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။ 
အခမ်းအနားသို့ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ(ဌာနမှူး)များ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြပြီး အဆိုပါ သင်တန်းကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၃ ရက်အထိ ရက်သတ္တပတ် ၄ ပတ်ကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
 

Post Paragraph