နေပြည်တော် သြဂုတ်လ ၅ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် ယနေ့ နေ့လည် (၂) နာရီ အချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်သည့် ဝန်ကြီးဌာနလက်အောက်ရှိ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများရှိ အရာထမ်း၊ အမှုထမ်းများအား တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြားခဲ့သည်။
နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်များနှင့်အညီ လုပ်ငန်းများဆောင်ရွက်ရာတွင် အဂတိ ကင်းရှင်းစွာဖြင့် ဆောင်ရွက်သွားရန်၊ ဝန်ထမ်းအဆင့်အတန်းအားလုံးသည် တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုရှိရှိဖြင့် ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ တစ်ဦးကောင်း တစ်ယောက် ကောင်းဖြင့် လုပ်ငန်းတာဝန်များကို တိုးတက်အောင်မြင်အောင် ဆောင်ရွက်ရန် မလွယ်ကူပါကြောင်း၊ မိမိတို့ လုပ်ငန်းတာဝန်များကို ကြီးသည်ငယ်သည်မဟုတ် ဝီရိယကို တသမတ်တည်း စိုက်ထုတ် ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ စည်းစည်းလုံးလုံးဖြင့် လုပ်ငန်းများကို ရိုးရိုးသားသား ကြိုးကြိုးစားစား လုပ်ကိုင်သွားကြရမှာဖြစ်ကြောင်း၊ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ သယ်ပိုးထမ်းဆောင်နိုင်မည့် ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားသွားရမှာ ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်မှ ထောက်ပံ့ပေးသော လစာ/အခွင့်အရေးများကို ခံစားပြီးဖြစ်သည့်အတွက် မိမိတို့ဘက်မှလည်း ပေးအပ်သည့်တာဝန်များကို ကျေပွန်ရုံ သဘောထား ထက် အကောင်းဆုံးထမ်းဆောင်မည့် စိတ်ဓါတ်ဖြင့် လုပ်ဆောင်သွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့ ဆောင်ရွက်ချက်၏ ပဲ့တင်သံသည် မိမိတို့ထံ ပြန်လည်ရောက်ရှိမည် ဖြစ်သဖြင့် ဖြောင့်မတ်တည်ကြည် ရိုးသားစွာဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းများ၏ သက်သာချောင်ချိရေးကိုလည်း မူဝါဒ များနှင့်အညီ ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများအား ဖြည့်ဆည်းပေးနိုင်ရန်အတွက် ယခုလို တွေ့ဆုံပွဲကျင်းပပေးရခြင်းဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း ပွင့်ပွင်းလင်းလင်းတင်ပြကြရန် မှာကြားခဲ့ပါသည်။
ထို့နောက် ဝန်ကြီးရုံးနှင့် ဦးစီးဌာနများရှိ အရာထမ်း၊ အမှုထမ်းများမှ တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများမှ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ အမြဲတမ်း အတွင်းဝန်၊ ဝန်ကြီးရုံး၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းစုစုပေါင်း (၄၇၉) ဦး တက်ရောက် ခဲ့ကြောင်း သတင်းရရှိပါသည်။