ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် အား ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး လာရောက်တွေ့ဆုံ

နေပြည်တော် သြဂုတ်လ ၃ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် အား ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး H.E. Mr. Mohammad Sufiur Rahman  သည် ယနေ့နေ့လည် (၃) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
    ထိုသို့တွေ့ဆုံရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာနမှ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ်ဒေသရှိ တိုင်းရင်းသားများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ နိုင်ငံတော်အစိုးရ၏ ပြည်တွင်းငြိမ်း ချမ်းရေး လုပ်ငန်းစဉ်များအား အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် များစွာအထောက်အကူ ဖြစ်စေနိုင်သည့် နယ်စပ်ရေးရာဝန်ကြီးဌာန၏ သက်ဆိုင်ရာ တိုင်းရင်းသား အဖွဲ့အစည်းများအတွက် စားဝတ်နေရေး၊ အလုပ်အကိုင် အခွင့်အလမ်း များ ရရှိရေး ရည်ရွယ်၍ အခြေခံအဆောက်အအုံများ ဆောက်လုပ်ပေးနေမှု၊ စားနပ်ရိက္ခာ ထောက်ပံ့ ပေးနေမှု၊ လတ်တလော လိုအပ်ချက်များအတွက် ထောက်ပံ့ကူညီဆောင်ရွက် ပေးနေမှု အခြေအနေ များ၊ နှစ်နိုင်ငံ နယ်စပ်ဒေသတစ်လျှောက် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များ၊ နယ်စပ်ဒေသများရှိ IDPs များနှင့် ပတ်သက်၍ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စရပ်များ၊  ရခိုင်ပြည်နယ်ရှိ နှစ်ဖက် လူ့ အဖွဲ့အစည်းအတွင်း ရေရှည်သဟဇာတဖြစ်စွာ အတူလက်တွဲနေထိုင်ရေးနှင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် နှစ်နိုင်ငံ ဆက်လက် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များအား အမြင်ချင်းဖလှယ်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြ ပါသည်။
    အဆိုပါ တွေ့ဆုံပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ အမြဲတမ်း အတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။