နေပြည်တော်၊ နိုဝင်ဘာလ ၁၆ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား ဥရောပသမဂ္ဂအဖွဲ့ရုံးမှ သံအမတ်ကြီး H.E. Mr. Kristian Schmidt သည် ယနေ့ မွန်းလွဲ (၃) နာရီခွဲ အချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာနက မြန်မာနိုင်ငံအတွင်းရှိ ဖွံ့ဖြိုးမှု နောက်ကျကျန်ခဲ့သည့် နယ်စပ်ဒေသများအား ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေး နေမှုနှင့် နယ်စပ်ဒေသရှိ တိုင်းရင်းသားလူမျိုးများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေများ၊ ပြည်တွင်း အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ဆောင်ရွက်နေမှုကိစ္စရပ်များ၊ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာ ခေတ္တပြောင်းရွှေ့ခဲ့ကြသည့် ဒေသတွင်းနေ နှစ်ဖက်လူ့အဖွဲ့အစည်းများ၏ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ စားဝတ်နေရေး၊ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ၊ လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ပြန်လည်နေရာချထားရေး လုပ်ငန်းများ၊ သတင်းမီဒီယာများ လွတ်လပ်စွာ သတင်းရယူနိုင်ရေးအတွက် ဆောင်ရွက်ပေးနေမှုများ၊ ရခိုင်ပြည်နယ်၏ မြေပြင်ပကတိ အခြေအနေမှန်များကို နိုင်ငံတကာမှ သိရှိစေရန်အတွက် ဆောင်ရွက်နေမှု အခြေအနေများ၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရွက်နေမှု အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။