နေပြည်တော်၊ မေလ ၂၅ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား ကုလသမဂ္ဂနိုင်ငံရေးရာဌာနမှ လက်ထောက်အတွင်းရေးမှူးချုပ် Mr. Miroslav Jenca သည် ယနေ့နံနက် (၁၁) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက် တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင်နယ်စပ်ရေးရာ ဝန်ကြီးဌာနက နယ်စပ်ဒေသများရှိ တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်ရေး နှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ ကုလသမဂ္ဂအနေဖြင့်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ဆောင်ရွက်မှုများတွင်ဆက်လက် ပံ့ပိုးဆောင်ရွက်သွားနိုင်မည့် ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်အတွင်း နှစ်ဖက်လူ့အဖွဲ့အစည်း ရေရှည် သဟဇာတဖြစ်စွာနေထိုင်ရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ နိုင်ငံတော်အစိုးရက ပြည်တွင်း ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးတို့အတွက် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံ ဒုတိယအစည်းအဝေး ကျင်းပနေမှု အခြေအနေများ၊ နယ်စပ်ရေးရာဝန်ကြီးဌာနမှ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ NGO, INGOs နှင့် ပူးပေါင်း၍ ပိုမိုတိုးမြှင့်ဆောင်ရွက်မည့်အခြေအနေများကိုရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
