ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား နော်ဝေနိုင်ငံသံအမတ်ကြီး လာရောက်တွေ့ဆုံ

နေပြည်တော် နိုဝင်ဘာလ  ၁၁  ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား နော်ဝေ နိုင်ငံသံအမတ်ကြီး H.E. Ms. Tone Tinnes သည် ယနေ့နေ့လည် (၂) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
    ထို့သို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံအတွင်းရှိ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ် ဒေသများရှိ တိုင်းရင်းသားများ၏ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေးအတွက် ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံတော်မှ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ နယ်စပ်ရေးရာဝန်ကြီးဌာန အနေဖြင့် UN, NGOs, INGOs များနှင့် ပူးပေါင်း၍ ကူညီထောက်ပံ့ပေးနေမှု အခြေအနေများ၊ နှစ်နိုင်ငံ ပိုမိုပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ ပါသည်။
    အဆိုပါ တွေ့ဆုံပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။