ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် စက်တင်ဘာလ  ၇ 
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင် လိုက်ပါလျက် စက်တင်ဘာလ ၆ ရက်နေ့ နံနက်ပိုင်းတွင် ဘိုကလေးမြို့ရှိ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိ၍ ကျောင်းသား၊ ကျောင်းသူများ၏ ကျန်းမာကြံ့ခိုင်ရေးနှင့် အားကစား ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုစေရန် နယ်စပ်ရေးရာဝန်ကြီးဌာနက ဆောင်ရွက်ပေးခဲ့ သည့် ဘောလုံးအားကစားကွင်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ထပ်မံတိုးချဲ့အဆင့်မြှင့်တင်နိုင်ရေး၊ စုပေါင်း တန်းစီကွင်းနှင့် ဘော်လီဘော/ ပိုက်ကျော်ခြင်း အားကစားကွင်းများ ထပ်မံဆောင်ရွက်ပေးနိုင်ရေး တို့အတွက် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးကာ ကျောင်းသား၊ ကျောင်းသူများအား အာဟာရပြည့် ဖြည့်စွက်စာများ ကျွေးမွေးနိုင်ရေးအတွက် လှူဒါန်းငွေများ ပေးအပ်ခဲ့ပါသည်။ 
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း(ဘိုကလေး)သို့ ရောက်ရှိပြီး ကျောင်းအုပ်မှ သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။
ဆက်လက်၍  ကျောင်းအုပ်နှင့် နည်းပြများ၊ ကျောင်းသား၊ ကျောင်းသူများအား အမှာ စကားပြောကြားရာတွင် သင်ကြားလေ့ကျင့်ပေးသော အတတ်ပညာများကို အပတ်တကုတ် ကြိုးစား လေ့လာသင်ယူသွားကြရန်၊ အတတ်ပညာများအပြင် အသိပညာများလည်း ဖွံ့ဖြိုးတိုးတက်အောင် လေ့လာဆည်းပူး၍ အမှန်နှင့်အမှား ကွဲပြားစွာ သိရှိနားလည်သော လူတော်လူကောင်းများ ဖြစ်အောင် ကြိုးစားကျင့်ကြံ နေထိုင်သွားကြရန်၊ ကျောင်းသား၊ ကျောင်းသူများကို နိုင်ငံတော်မှ အခမဲ့ ပညာသင်ကြားရေးနှင့်  နေထိုင်စားသောက်ရေးတို့ကို အလေးထား ဆောင်ရွက်ပေးနေမှုအပေါ် ကျေးဇူးသစ္စာစောင့်သိရိုသေကာ  ကျန်းမာကြံ့ခိုင်ပြီး ဗလငါးတန်နှင့် ပြည့်စုံ၍ နောင်တစ်ချိန်တွင် နိုင်ငံတော်အတွက် အားကိုးအားထားပြုရမည့် နိုင်ငံ့ဝန်ထမ်းကောင်းများ၊ ခေါင်းဆောင်ကောင်းများ ဖြစ်အောင် ရည်မှန်းချက်များနှင့်အညီ အလေးထား သင်ယူသွားကြရန် တိုက်တွန်းမှာကြားခဲ့ပြီး ချီးမြှင့်ငွေများ ပေးအပ်ကာ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများအား  ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်ခဲ့ပါသည်။ 
ထို့နောက် ကျောင်းဝန်းအတွင်းရှိ စားရိပ်သာ၊ အိပ်ဆောင်၊ ရာသီသီးနှံစိုက်ပျိုးထားရှိမှု၊  စာကြည့်တိုက်၊ စတိုဆောင်တို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး စားရိပ်သာ၌ ကျောင်းသား၊ ကျောင်းသူများနှင့်အတူ  နေ့လယ်စာအား အတူတကွ သုံးဆောင်ခဲ့ကြပါသည်။
ဆက်လက်၍  ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဘိုကလေးမြို့မှ   မအူပင်မြို့ရှိ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိ၍  ကျောင်းသား၊ ကျောင်းသူများ၏ ကျန်းမာကြံ့ခိုင်ရေး နှင့် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုစေရန် နယ်စပ်ရေးရာဝန်ကြီးဌာနက ဆောင်ရွက်ပေးခဲ့သည့် ဘောလုံးအားကစားကွင်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ထပ်မံတိုးချဲ့ အဆင့်မြှင့်တင် နိုင်ရေးနှင့် စုပေါင်းတန်းစီကွင်း ပြုလုပ်ပေးနိုင်ရေးတို့အတွက် တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။ 
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း(မအူပင်)သို့ ရောက်ရှိကာ ကျောင်းအုပ်မှ သင်တန်းကျောင်းဆိုင်ရာ အချက်အလက် များ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ မှာကြားခဲ့ပါသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ကျောင်းအုပ်၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအမှာစကား ပြောကြားပြီး ချီးမြှင့်ငွေများပေးအပ်၍ ဝန်ထမ်းများနှင့် ကျောင်းသား/ ကျောင်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ကျောင်းဝန်းအတွင်းရှိ စာကြည့်တိုက်၊ အိပ်ဆောင်၊ စားရိပ်သာများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ပါသည်။
ပြည်ထောင်စုဝန်ကြီးသည် စက်တင်ဘာလ  ၇ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်)သို့ ရောက်ရှိပြီး ဒီဂရီကောလိပ်အစည်းအဝေး ခန်းမ၌  ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ/ ဌာနမှူးများနှင့် တွေ့ဆုံ ၍ ကျောင်းအုပ်ကြီးက သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များ၊ အုပ်ချုပ်ရေး၊ လေ့ကျင့်သင်ကြားရေးဆိုင်ရာ အချက်အလက်များနှင့်  စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်း တင်ပြပြီး ကျောင်းအုပ်ကြီး နှင့် ပါမောက္ခ/ဌာနမှူးများ၏ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီးသည် ကျောင်းသား၊ ကျောင်းသူများနှင့်အတူ နေ့လယ်စာ သုံးဆောင်ခဲ့ပြီး အိပ်ဆောင်များ၊ စားရိပ်သာ၊ စာကြည့်တိုက်၊ ပျိုးဥယျာဉ်၊ ငွေနှင်းမှို စိုက်ပျိုးထားရှိမှု၊ ဆောင်ရွက်ဆဲ လေးထပ်အင်ဂျင်နီယာ စာသင်ဆောင်၊ အားကစားကွင်း အဆင့်မြှင့်တင် ပြင်ဆင် ဆောင်ရွက်နေမှုနှင့် တည်ဆောက်ရေးလုပ်ငန်းများအား  ကြည့်ရှုစစ်ဆေး၍  လိုအပ်သည်များ  မှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးသည် နေ့လယ်ပိုင်းတွင် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊  ပါမောက္ခ/ ဌာနမှူးများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံ၍ ကျောင်း၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်များ အောင်မြင်စေရေးနှင့်  ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆောင်ရွက်ရန်လိုအပ်သည့် ကိစ္စရပ်များ၊ ကျောင်းဆင်းပြီး နောက် တာဝန်ကျရာဌာနအသီးသီးတွင်  နိုင်ငံတော် နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့် သိရိုသေပြီး ပေးအပ်သည့် တာဝန်ကိုကျေပွန်စွာ ထမ်းဆောင် နိုင်သည့် နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်လာစေရေးတို့ကို တိုက်တွန်းမှာကြားခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသော ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် အားပေးခဲ့ကြောင်း သတင်းရရှိပါသည်။
 

Post Paragraph
video-upload