ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် မွန်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

မတ်လ ၂၀
           နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်သည် မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး  ဗိုလ်မှူးကြီးနေထွဋ်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် မတ်လ ၁၈ ရက်နေ့ နေ့လည်ပိုင်းတွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲကလိ ကျေးရွာအုပ်စု၊ ဝဲကလိ- အိုင်ရှည်လမ်း ၃ မိုင်အနက် ၁ မိုင် ၃ ဖာလုံ အပြီးသတ် ကတ္တရာထပ်ပိုးလွှာ ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး၍ မွန်ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးနှင့် တာဝန်ခံအင်ဂျင်နီယာများအား လမ်းရေရှည်တည်တံ့ခိုင်မြဲရေး အတွက် ရေနှုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရန် လိုအပ်သောနေရာများတွင် အလင်းဖွင့်ခြင်းများဆောင်ရွက်ရန်နှင့် စဉ်ဆက်မပြတ် ထိန်းသိမ်းစောင့်ရှောက်သွားကြရန် မှာကြားခဲ့ပြီး လမ်းဖောက်လုပ်ပြီးစီးမှု အခြေအနေများအား  လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။
        အဆိုပါလမ်းပိုင်းသည် ဝဲကလိကျေးရွာနှင့် အိုင်ရှည်ကျေးရွာရှိ အိမ်ထောင်စု ၄၆၈ စု၊ လူဦးရေ ၁၇၇၁ ဦးတို့အတွက် လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝများပိုမို ဖွံ့ဖြိုးရေးကိုများစွာ အထောက်အကူပြုလျက်ရှိကြောင်း သိရှိရပါသည်။
         ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အဆိုပါလမ်းပိုင်းပေါ်ရှိ အိုင်ရှည်ကျေးရွာ အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ)သို့ ရောက်ရှိခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ ဆရာမ များနှင့်တွေ့ဆုံကာ ကျောင်း၏ လိုအပ်ချက်များအား မေးမြန်း၍ စာသင်ဆောင်၊ ကွန်ပျူတာ၊ ဆိုလာမီးနှင့် ဆက်စပ်ပစ္စည်းများအား ထောက်ပံ့ပေးနိုင်ရေး ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။
          ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မုဒုံမြို့ရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်တန်းကျောင်းသို့ ရောက်ရှိခဲ့ပြီး သင်တန်းသူများ၏ လေ့ကျင့်သင်ကြား ချုပ်လုပ်ထားရှိသည့်    အဝတ်အထည်များနှင့်   လူအသုံးအဆောင်ပစ္စည်းများ၊ သင်တန်းခန်းမများတွင် သင်တန်းသူများ၏ လေ့ကျင့်သင်ကြားနေမှု၊ အိပ်ဆောင်၊ စားရိပ်သာတို့အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
        ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မတ်လ ၁၉ ရက်နေ့ ညနေပိုင်းတွင် မော်လမြိုင်မြို့ရှိ မွန်ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့ ရောက်ရှိခဲ့ပြီး ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများအားလည်းကောင်း၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်နယ်တာဝန်ခံအရာရှိက သင်တန်းကျောင်းများဆိုင်ရာ အချက်အလက်များအား လည်းကောင်း အသီးသီးရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များဖြည့်ဆည်းမှာကြားခဲ့ပါသည်။ ထို့နောက် ဝန်ထမ်းများအား ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ အသေးစိတ် ရှင်းလင်းမှာကြားခဲ့ပြီး ဝန်ထမ်းအိမ်ရာများနှင့် ယာဉ်ယန္တရားများ ထိန်းသိမ်းထားရှိမှု အခြေအနေများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
       ပြည်ထောင်စုဝန်ကြီးသည် မတ်လ ၂၀ ရက်နေ့ နံနက်ပိုင်းတွင်လည်း ကျိုက်မရောမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးနှင့် ဝန်ထမ်းအိမ်ရာများအား သွားရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
 

Post Paragraph
video-upload