ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် ရန်ကုန်တိုင်းဒေကြီး ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် နှင့် ဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၁၇ 
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် သည် နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်/ တာဝန်ခံ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဌေးဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ၁၇-၅-၂၀၂၁ ရက်နေ့ နံနက်ပိုင်းတွင် ဒဂုံမြို့သစ် (မြောက်ပိုင်း)ရှိ  ဗဟိုလေ့ကျင့်ရေးကျောင်းသို့ ရောက်ရှိပြီး COVID-19 စည်းကမ်းချက်များ နှင့်အညီ ဖွင့်လှစ်လျက် ရှိသော ငြိမ်းချမ်းရေး၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်ဆိုင်ရာ ခေါင်းဆောင်မှုသင်တန်း၊ အဆင့်မြင့် စက်ချုပ်နည်းပြ သင်တန်းနှင့် စာရေးဝန်ထမ်း သင်တန်းများ၏ သင်ကြားနေမှု၊ အိပ်ဆောင်၊ စားရိပ်သာ၊ စာကြည့်တိုက်တို့ကို လှည့်လည်ကြည့်ရှုသည်။ ထို့နောက် အစည်းအဝေးခန်းမတွင် ကျောင်းအုပ်ကြီးက ကျောင်း၏ သင်တန်းများဖွင့်လှစ်နေမှု အခြေအနေ၊ စီမံခန့်ခွဲရေး၊ သင်ကြားရေး ကိစ္စများ ရှင်းလင်းတင်ပြခဲ့ရာ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သင်တန်းခန်းမတွင် ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ သင်တန်း နည်းပြ ဆရာ/ ဆရာမများ၊ ဝန်ထမ်းများ၊ သင်တန်းသား/ သင်တန်းသူများနှင့် တွေ့ဆုံ အမှာစကားပြောကြားရာတွင် ဝန်ထမ်းများအနေဖြင့်   မိမိတို့၏ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး အတွက် စဉ်ဆက်မပြတ် လေ့ကျင့်သင်ကြားမှုများ ဆောင်ရွက်သွားကြရန်၊ နိုင်ငံဝန်ထမ်း ဥပဒေနှင့် အညီထားရှိအပ်သော နိုင်ငံဝန်ထမ်းဂုဏ်သိက္ခာ၊ အရည်အချင်း ပြည့်ဝမှုတို့ဖြင့် နိုင်ငံတော်အပေါ် သစ္စာရှိရှိတာဝန်ကျေပွန်စွာ ထမ်းဆောင်သွားကြရန်၊ COVID-19  ရောဂါကိုလည်း အသိ၊ သတိ၊ ဆင်ခြင်တုံတရားဖြင့် လိုက်နာပြီး မိမိလုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်သွားရန်၊ သင်တန်းသား/ သင်တန်းသူများအနေဖြင့် သင်ကြားပေးသည့် ဘာသာရပ်များကို စိတ်ပါဝင်စားစွာ သင်ယူလေ့ကျင့်သွားကြပြီး လက်တွေ့လုပ်ငန်းခွင်တွင် လက်တွေ့ကျကျပြန်လည် အသုံးချသွားရန် မှာကြားခဲ့ပြီး ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များနှင့် သင်တန်းသား/ သင်တန်းသူများ အတွက် အားကစားပစ္စည်းများ ထောက်ပံ့ပေးခဲ့ပါသည်။ ၎င်းနောက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ခွင့်ပြုငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေး လုပ်ငန်းများကို လှည့်လည်စစ်ဆေးပြီး ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်ချက်များအား မှာကြားခဲ့ပါသည်။
    ပြည်ထောင်စုဝန်ကြီးသည် ၁၈-၅-၂၀၂၁ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံ(ဆိပ်ကမ်း)မြို့နယ်ရှိ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်)သို့ ရောက်ရှိပြီး နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူများ စာသင်ခန်း အတွင်း COVID-19 စည်းကမ်းချက်များနှင့်အညီ သင်ကြားနေမှုအား လှည့်လည်ကြည့်ရှုသည်။ ထို့နောက် ဒီဂရီကောလိပ် အစည်းအဝေးခန်းမတွင် ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ပါမောက္ခ/ ဌာနမှူးများနှင့် တွေ့ဆုံ၍ ကျောင်းအုပ်ကြီး ဦးသိန်းဌေးက ဒီဂရီကောလိပ်၏ စီမံခန့်ခွဲရေး၊ သင်ကြားရေးကိစ္စများ ရှင်းလင်းတင်ပြပြီး ကျောင်းအုပ်ကြီးနှင့် ပါမောက္ခ/ ဌာနမှူးများ၏ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးပါသည်။ ထို့နောက်  ပြည်ထောင်စုဝန်ကြီးသည် အိပ်ဆောင်၊ စားရိပ်သာ၊ စာကြည့်တိုက်နှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ခွင့်ပြုငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး စားရိပ်သာများတွင် ထင်းအစား လျှပ်စစ်နှင့် Gas တို့ဖြင့် ပြောင်းလဲချက်ပြုတ်နိုင်ရေး၊ စားရိပ်သာ/ အိပ်ဆောင်များ၌ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး၊ အဆောက်အဦများ အရည်အသွေးပြည့်ဝရေးနှင့် အချိန်မီပြီးစီးရေးတို့ကို မှာကြားခဲ့သည်။
    ပြည်ထောင်စုဝန်ကြီးသည် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျောင်းအုပ်ကြီး၊ ဒုတိယ ကျောင်းအုပ်ကြီး၊ ပါမောက္ခ/ ဌာနမှူးများ၊ ဆရာ/ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများအားတွေ့ဆုံ အမှာစကားပြောကြားရာတွင် နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူ များ စာသင်ခန်းမအတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် COVID-19 ရောဂါကာကွယ်ရေးအတွက် ညွှန်ကြားချက်များနှင့်အညီ လိုက်နာနေထိုင်ကြရန်၊ ကျန်းမာရေးနှင့် ကိုက်ညီသည့် နေထိုင်စားသောက်မှုပုံစံဖြင့် နေထိုင်စားသောက်ရန်၊ ကျန်းမာရေးကို ထိခိုက်စေ သည့် အရက်၊ ဆေးလိပ်၊ ကွမ်းယာတို့ကို ရှောင်ရှားရန်၊ နေ့စဉ်ကိုယ်လက်လှုပ်ရှား အားကစား ဆောင်ရွက်၍ မိမိကိုယ်ကို ကျန်းမာ/ကြံ့ခိုင်အောင် တည်ဆောက်ရန်၊ ကျောင်းအနေဖြင့် အားကစားပြိုင်ပွဲများ မပြတ်ကျင်းပပြုလုပ်ပြီး ထူးချွန်သည့် အားကစားသမားများ ပေါ်ထွက် လာအောင် လေ့ကျင့်ပျိုးထောင်ပေးရန်၊ ဆရာ/ ဆရာမ များအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ အား သက်ဆိုင်ရာစာပေပညာရပ်များကို တတ်ကျွမ်းအောင်  သင်ကြားပေးသည့်အပြင် လက်ရှိ ဖြစ်ပေါ်နေသော အခြေအနေများနှင့် သမိုင်းကြောင်းဖြစ်စဉ်ဖြစ်ရပ်များကို မှန်ကန်စွာသိမြင်၍ ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ထက်မြက်အောင်၊ ယုံကြည်ချက်၊ ခံယူချက် မှန်ကန်၍ ဆင်ခြင်တုံတရားပြည့်ဝအောင် ပြုစုပျိုးထောင်သွားရန်၊ မိမိတို့၏ စွမ်းဆောင်ရည် မြင့်မားရေးအတွက် စဉ်ဆက်မပြတ် လေ့လာသင်ယူမှုများ ဆောင်ရွက်သွားရန်၊ ဝန်ထမ်းများ အနေဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေနှင့်အညီ တိကျစွာလိုက်နာနေထိုင်ပြီး နိုင်ငံ့ဝန်ထမ်းဂုဏ်သိက္ခာကို မြှင့်တင်၍ နိုင်ငံတော်အပေါ်သစ္စာရှိရှိ  တာဝန်ကျေပွန်စွာ  ထမ်းဆောင်သွားရန်၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း မကြာမီ သင်တန်းအောင်မြင်ပြီးမြောက်၍  ဘွဲ့/ ဒီပလိုမာများ ရရှိပြီးနောက် သက်ဆိုင်ရာဒေသ အသီးသီးတွင်  ဆရာ/ ဆရာမများ၊ ပြည်သူ့ဝန်ထမ်း များအဖြစ် တာဝန်ထမ်းဆောင်ကြရတော့မည်ဖြစ်၍ သိသင့်သိထိုက်သော ဥပဒေဆိုင်ရာ၊ စီးပွားရေး ဆိုင်ရာအသိအမြင်များရရှိအောင် ထည့်သွင်းသင်ကြားရန်၊ မကြာမီ ဆက်လက်ဖွင့်လှစ်မည့် နှစ်ငယ် သင်တန်းများအတွက်လည်း ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိကြရန် မှာကြားခဲ့ပြီး ဝန်ထမ်းများ အတွက် အခြေခံစားသောက်ကုန်များနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် အားကစားပစ္စည်း များ  ထောက်ပံ့ပေးခဲ့ပါသည်။ 
    ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်) နောက်ဆုံးနှစ်တွင် ကျောင်းသား၊ ကျောင်းသူ ၂၁၀ ဦး တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်း ဆင်းပြီးပါက သိပ္ပံဘွဲ့၊ ဝိဇ္ဇာဘွဲ့နှင့် A.G.T.I ဒီပလိုမာများပေးအပ်၍ ဝန်ကြီးဌာန အသီးသီးတွင် အကြီးတန်းစာရေးနှင့် အငယ်တန်းအင်ဂျင်နီယာ-၃ ရာထူးများဖြင့် စတင်တာဝန်ပေးခန့်အပ် သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

Post Paragraph
video-upload