ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ရှမ်းပြည်နယ် (တောင်ပိုင်း) အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆက်လက် ကြည့်ရှုစစ်ဆေး

ဇွန်လ  ၁၆ ရက်
    ရှမ်းပြည်နယ် ‌(တောင်ပိုင်း) သို့ ရောက်ရှိနေသော နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့်အဖွဲ့သည် ဇွန်လ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် လွိုင်လင်ခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးသို့ ရောက်ရှိပြီး ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး၏ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့မှုအပေါ် ပြည်ထောင်စု ဝန်ကြီးက သတ်မှတ် ကာလအတွင်း လုပ်ငန်းများ အချိန်မှီပြီးစီးရေး၊ ဆောင်ရွက်ပြီးစီးခဲ့သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများအား ရေရှည် တည်တံ့စေရေးအတွက် ဒေသခံ ပြည်သူများမှ ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်နိုင်ရေး စည်းရုံး ဆောင်ရွက်သွားရန်၊ ဝန်ထမ်းအချင်းချင်း မိသားစုစိတ်ဓါတ်ဖြင့် နေထိုင်၍ လုပ်ငန်းတာဝန် များကို ကျေပွန်စွာထမ်းဆောင်ရန်၊ ဝန်ထမ်းအချင်းချင်း အထက်အောက် ရိုသေလေးစားပြီး စည်းလုံး ညီညွတ်စွာဖြင့် နေထိုင်သွားကြရန် မှာကြားခဲ့ပြီး ဝန်ထမ်းများအတွက် တူညီဝတ်စုံများ ပေးအပ်ခဲ့ ပါသည်။
    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပင်လုံမြို့ ကိုးနဝင်းစေတီတော်မြတ်ကြီးနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာ ၆ ရွာ အတွက် လျှပ်စစ်သွယ်တန်းခြင်း လုပ်ငန်းခွင်သို့ ရောက်ရှိပြီး တာဝန်ခံအင်ဂျင်နီယာ၏ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက ဓါတ်အားလိုင်းနှင့် ထရန်စဖော်မာများ ဆောလျင်စွာ တပ်ဆင်ပြီးစီးရေး၊ လျှပ်စစ်ဓါတ်အားရရှိချိန်တွင် နေအိမ်များ၌ လျှပ်စစ်မီတာများ အသင့်တပ်ဆင်ပြီး မြန်မြန်ဆန်ဆန်အသုံးပြုနိုင်ရေး သက်ဆိုင်ရာဌာန တာဝန်ခံ များနှင့် ဒေသခံပြည်သူလူထုများ ပူးပေါင်း‌ဆောင်ရွက်သွားနိုင်ရန် ပေါင်းစပ် ညှိနှိုင်းပေးခဲ့ပါသည်။ 
    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း (ပင်လုံ) သို့ရောက်ရှိ၍ သင်တန်းခန်းမ၌ သင်တန်းကျောင်းမှ နည်းပြများ၊ ကျောင်းသား၊ကျောင်းသူများအား တွေ့ဆုံအမှာစကား ပြောကြား၍ ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာ ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
    ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇွန်လ ၁၅ ရက်နေ့တွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအာကာလင်းလိုက်ပါ၍ ပင်းတယမြို့နယ်အတွင်းရှိ ကုန်းသာ-ပဲယင်းတောင် ၂ မိုင် ကျောက်ခင်းခြင်း၊ ရှောက်ချို-ကုန်းသာ-တာတိုင် ကျေးရွာချင်းဆက် ၂ မိုင် ကတ္တရာ လမ်းခင်းခြင်း၊  အိမ်ပု-ကျောက်ပုလ္လင် ၁ မိုင်ကတ္တရာလမ်းခင်းခြင်း၊ အင်လုံ-သိမ်ကုန်း ၁ မိုင် ၂ ဖာလုံ မြေသားလမ်းဖောက်လုပ်ခြင်း၊ ညောင်ကောက်-သိမ်ကုန်း-တပ်ကြီး ၄ ဖာလုံ ကျောက်ခင်း ခြင်း၊ ညောင်ကောက်-ဖက်နံ-သိမ်ကုန်း-တပ်ကြီးလမ်း ၁ မိုင်ကတ္တရာခင်းခြင်း လုပ်ငန်းခွင်များသို့ ရောက်ရှိစစ်ဆေးခဲ့ပြီး လမ်း/တံတားလုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းအရည်အသွေး ပြည့်မီရေး၊ ရေရှည်တည်တံ့ခိုင်ခံ့စေရန်အတွက် ရေစီးရေလာကောင်းမွန်စေရေး၊ လိုအပ်သည့်နေရာများတွင် ရေပြွန်များနှင့် Box Culvert များထည့်သွင်း ဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး လုပ်ငန်းဆောင်ရွက် ပြီးစီးမှု အခြေအနေ များအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း (ပင်းတယ) သို့ ရောက်ရှိ၍ ကျောင်းအုပ်၊ဝန်ထမ်းများ၊ နည်းပြများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံအမှာစကား ပြောကြားခဲ့ပြီး ကျောင်းဝတ်စုံနှင့် စာ‌ရေး ကိရိယာများ ထောက်ပံ့ပေးအပ်ကာ ကျောင်းဝန်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် မြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး (ပင်းတယ) အားကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်း‌ ဆောင်ရွက်ပေးခဲ့သည်။
    ၎င်းနောက် ပြည်ထောင်စုဝန်ကြီးသည် မကြာမီဖွင့်လှစ်ရန် အသင့် ပြင်ဆင်ထားရှိသော နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း (အောင်ပန်း) သို့ ရောက်ရှိ၍ ခေတ္တကျောင်းအုပ်၏ သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းတင်ပြမှု အပေါ် ပြည်ထောင်စုဝန်ကြီးက သင်တန်းများအား COVID-19 စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဖွင့်လှစ်သင်ကြားနိုင်‌ရေးအတွက် လိုအပ်သည်များ ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး သင်တန်း ကျောင်းဝန်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။
    ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇွန်လ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (ပင်လောင်း) သို့ရောက်ရှိပြီး သင်တန်း ကျောင်း ကျောင်းအုပ်၏ သင်တန်းကျောင်းဆိုင်ရာအချက်အလက်များ ရှင်းလင်းတင်ပြမှု အပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း၍ အမှာစကား ပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ များအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
 

Post Paragraph
video-upload