ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/ ၂၀၂၂) ကျင်းပ

နေပြည်တော် ဩဂုတ် ၃
ပြည်တွင်း နေရပ် စွန့်ခွာသူများ ပြန်လည် နေရာ ချထားရေးနှင့် ယာယီခိုလှုံရာ စခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၂) ကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပ သည်။
အစည်းအဝေးသို့ ပြည်တွင်း နေရပ်စွန့်ခွာသူများ ပြန်လည် နေရာချထားရေးနှင့် ယာယီခိုလှုံရာ စခန်းများ ပိတ်သိမ်းရေးဆိုင်ရာအမျိုးသားအဆင့်ကော်မတီဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဒုတိယဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ကော်မတီဝင်များဖြစ်ကြသည့် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ပြည်နယ်အဆင့် ကော်မတီဝင်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ ပြည်တွင်း နေရပ်စွန့်ခွာသူများ ပြန်လည် နေရာချထားရေးနှင့် ယာယီ ခိုလှုံရာ စခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ ဥက္ကဋ္ဌ က အမျိုးသားအဆင့်ကော်မတီ အနေဖြင့် ပြည်တွင်း နေရပ် စွန့်ခွာသူများ ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်များနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေး လုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအဆင့် လုပ်ငန်းကော်မတီ ၅ ရပ်အပြင် ပြည်နယ်အဆင့် ကော်မတီများ ဖွဲ့စည်း၍ ထိရောက်မြန်ဆန်စွာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။ 
 ကချင်ပြည်နယ် တွင် ကူညီ လှူဒါန်းငွေများ ဖြင့် မြစ်ကြီးနားနှင့် ဝိုင်းမော် မြို့နယ် တို့တွင် တိုက်ပွဲရှောင်များ ပြန်လည်နေရာချထားရေးအတွက် နေအိမ် ၈၈ လုံး ဆောက်လုပ်ပြီး ၂၅ လုံး ပြုပြင် ပေးခဲ့ပါကြောင်း၊ မြစ်ကြီးနား၊ မိုးမောက်၊ မန်စီ၊ ပူတာအိုနှင့် ချီဖွေမြို့တို့တွင် စုစုပေါင်းနေအိမ် ၅၉၅ လုံး ဆောက်လုပ် ပြီးစီးခဲ့ကြောင်း၊ ကရင်ပြည်နယ်၊ လှိုင်းဘွဲနှင့် မြိုင်ကြီးငူဒေသရှိ စခန်း ၂ ခု ပိတ်သိမ်းပြီး အိမ်ထောင်စု  ၄၆၃  စုကို ပြန်လည်နေရာ ချထားပေးနိုင်ခဲ့ကြောင်း၊ ချင်းပြည်နယ်၊ ပလက်ဝ မြို့နယ်တွင် အိမ်ထောင်စု ၈၉၁ စုအတွက် ငွေကျပ် ၄၁၈ သန်းကျော် ထောက်ပံ့၍ နေရပ်သို့ ပြန်လည်ပို့ဆောင် လျက်ရှိပြီး ထပ်မံ၍ အိမ်ထောင်စု ၅၀၀ စု အတွက် ငွေကျပ် ၂၃၆ သန်းကျော် ထောက်ပံ့ပြီး ပြန်လည် ပို့ဆောင်ရန် စီစဉ်ထားရှိကြောင်း၊  ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာမှ အိမ်ထောင်စု ၃၂၃ စု၊ မင်းပြားမြို့နယ်၊ ဖားပြို(ရခိုင်) ကျေးရွာမှ အိမ်ထောင်စု ၈၂ စု၊ ကျောက်ဖြူမြို့နယ်၊ ကျောက်တစ်လုံး စခန်းမှ အိမ်ထောင်စု ၃၆၈ စု တို့ကို နေအိမ်များ ပြန်လည် တည်ဆောက်/ပြုပြင်၍ ရေရရှိရေး၊ လျှပ်စစ်မီး ရရှိရေး၊ ကျေးရွာအဝင်လမ်း ပြုပြင်ခြင်း၊ ဘုန်းတော်ကြီးကျောင်း၊ ဆေးပေးခန်းနှင့် စာသင်ကျောင်းများ ဆောက်လုပ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပါကြောင်း။
ရှမ်းပြည်နယ်၊ နမ္မတူမြို့နယ်၊ ပင်လုံနှင့် ချောင်းဆာကျေးရွာအုပ်စုတို့မှ မီးလောင်ပျက်စီးသောနေအိမ် ၁၂၇ လုံး အတွက် သတ်မှတ်နှုန်းထားများအလိုက်  ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး မန်တုံမြို့နယ်၊ မြို့မ ရပ်ကွက်ရှိ စခန်း ၂ ခုအတွက် တန်ဖိုးနည်းနေအိမ် ၅၇ လုံး တည်ဆောက်ရန် မြေနေရာများဖော်ထုတ်ခြင်း၊ နေအိမ် ဆောက်လုပ်ခြင်း၊ ကွန်ကရစ်လမ်းခင်းခြင်း၊ လျှပ်စစ်မီး သွယ်တန်းခြင်း၊ သောက်သုံးရေ ရရှိရေး လုပ်ငန်းများကို ဆောင်ရွက် ပေးခဲ့ ပါကြောင်း။
၂၀၂၁ ခုနှစ် မတ်လမှ ၂၀၂၂ ခုနှစ် ဇွန်လကုန်အထိ ၁ နှစ်နှင့် ၃ လတာ ကာလအတွင်း အိမ်ထောင်စု ၈၈၆၂ စု၊ လူဦးရေ ၄၀၉၀၃ ဦးတို့ကို မူလနေရာများသို့ ပြန်လည်ပို့ဆောင်နေရာ ချထား ပေးနိုင်ခဲ့ပါကြောင်း၊ ပြည်နယ်အဆင့်ကော်မတီများအနေဖြင့် IDP နှင့် တိုက်ပွဲရှောင်စခန်းများတွင် လိုအပ်သည့် ကွပ်ကဲကြပ်မတ်မှုများ ဆောင်ရွက်နိုင်ရေးအတွက် စခန်း အလိုက် ကြီးကြပ် ကွပ်ကဲရေး အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း။
လာမည့်ပွင့်လင်းရာသီတွင် IDP နှင့် တိုက်ပွဲရှောင်များကို မူလနေရပ်ပြန်လည် ပို့ဆောင်နိုင်ရေး အားသွန်ခွန်စိုက်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ယခုအစည်းအဝေးတွင် ဆွေးနွေး ဆုံးဖြတ်ချက် များကို လုပ်ငန်းကော်မတီ အသီးသီးနှင့် ပါဝင်ကြသည့် ဝန်ကြီးဌာနများ အနေဖြင့် သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့များနှင့် ညှိနှိုင်း၍ အကောင်အထည်ဖော်ဆောင်ရွက်ကြရန် လိုအပ် ပါကြောင်း။ 
ပြည်တွင်းနေရပ်စွန့်ခွာသူများအား မူလနေရပ်ဒေသများသို့ ပြန်လည်ပို့ဆောင်နေရာ ချထား နိုင်ရန် အတွက် လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ချမှတ်ထားသည့် မူဝါဒများ၊ အမျိုးသား အဆင့် မဟာဗျူဟာများ၊ နိုင်ငံတကာ စံနှုန်းများနှင့်အညီ ဆောင်ရွက်ရန်၊ ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများ၏ ကူညီပံ့ပိုးမှုများကို စနစ်တကျ စီမံခန့်ခွဲ အသုံးပြုရန်၊ လုပ်ငန်းကော်မတီများ၊ ပြည်နယ်အဆင့် ကော်မတီများအားလုံး အချိတ်အဆက် မိမိနှင့် ဟန်ချက်ညီညီ ထိရောက်ပီပြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပေးကြစေလိုပါကြောင်းပြောကြားသည်။ 
ဆက်လက်၍ အမျိုးသားအဆင့်ကော်မတီဒုတိယဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က နေရပ်စွန့်ခွာ သူများအတွက် ကယ်ဆယ်ရေးပစ္စည်းများနှင့် စားနပ်ရိက္ခာများထောက်ပံ့ပေးနေမှု အခြေအနေ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးမှုအခြေအနေ၊  IDP Camp  များနှင့် တိုက်ပွဲရှောင်စခန်းများတွင်   အချက်အလက် ကောက်ယူခြင်းနှင့် လူမှုရေးဆိုင်ရာပံ့ပိုးမှု အခြေအနေ၊ ယာယီ ခိုလှုံရာစခန်းများ ပိတ်သိမ်းနိုင်ရေး အတွက် လတ်တလော ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် ရှေ့ဆက်လက် ဆောင်ရွက်သွားမည့် အစီအမံများ၊ နေရပ် စွန့်ခွာသူများနှင့် ဘေးသင့်ပြည်သူများအတွက် လတ်တလော လိုအပ်သည်များကို ထောက်ပံ့ကူညီပေးမှု အခြေအနေများကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် အမျိုးသားအဆင့်ကော်မတီ အတွင်းရေးမှူး၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းထွန်းညိုက အမျိုးသားအဆင့် ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ လုပ်ငန်းကော်မတီများနှင့် ပြည်နယ်အဆင့်ကော်မတီများအနေဖြင့် (၁/၂၀၂၂) အစည်းအဝေးဆုံးဖြတ်ချက်များ အပေါ် ဆောင်ရွက်ပြီးစီးမှုများနှင့် ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် များကို ရှင်းလင်းတင်ပြသည်။ 
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် အမျိုးသားအဆင့်ကော်မတီဝင်များ၊ လုပ်ငန်းကော်မတီဝင်များ၊ ပြည်နယ်အဆင့်ကော်မတီများမှ တာဝန်ရှိသူတို့က ပြည်တွင်းနေရပ်စွန့်ခွာ သူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ လုပ်ငန်းများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍ အလိုက်အကြံပြုဆွေးနွေးကြပြီး အမျိုးသားအဆင့်ကော်မတီဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့က အကြံပြုဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်းသိရသည်။ သတင်းစဉ်