ပျဉ်းမနားခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ နိုဝင်ဘာလ ၂၀
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူး၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ တောင်သာအုပ်စု၊ မြောက်လွတ်ကုန်းကျေးရွာရှိ ပျဥ်းမနားခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့ ရောက်ရှိခဲ့ရာ တာဝန်ခံအရာရှိက နယ်စပ်ဒေသများတွင် ဖွံ့ဖြိုး‌ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ယာဥ်/ယန္တရားများ ထိန်းသိမ်းထားရှိမှုနှင့် ဖြန့်ခွဲထားရှိမှု၊ နယ်စပ်ဒေသများအတွက် ထောက်ပံ့ပစ္စည်းများ ထိန်းသိမ်းသိုလှောင်ထားရှိမှုနှင့် ရုံးဝန်း အတွင်း ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများနှင့်စပ်လျဥ်း၍ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြား ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရုံးဝန်းအတွင်းရှိ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများတွင် အသုံးပြုမည့် ယာဥ်/ယန္တရားများ၏ ကြံ့ခိုင်မှုနှင့် ထိန်းသိမ်းထားရှိမှု အခြေအနေများ၊ နယ်စပ်ဒေသများရှိ လိုအပ်သော ဒေသအသီးသီးသို့ လှူဒါန်းထောက်ပံ့ပေးနိုင်ရန် ထောက်ပံ့ပစ္စည်းများ ထိန်းသိမ်း သိုလှောင် ထားရှိမှုအခြေအနေများ၊ တိုင်း‌ဒေသကြီး/ပြည်နယ် ဒေသဖွံ့ဖြိုးမှုကြီးကြပ်‌ရေးရုံး အသီးသီးမှ ဝန်ထမ်းများ အား လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်းများ၊ ယန္တရားမောင်းနှင့် စက်ပြင်စသည့်ကျွမ်းကျင်မှု ဆိုင်ရာ သင်တန်းများ ဖွင့်လှစ်နိုင်ရန်အတွက် အိပ်ဆောင်၊ စားရိပ်သာတို့အား ပြုပြင်မွမ်းမံနေမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ပါသည်။
    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရုံးဝန်းအတွင်း သန့်ရှင်းသာယာ လှပရေး အတွက် ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ဝန်ထမ်းအိမ်ရာများ၊ ခရိုင်ရုံးအသစ် တည်ဆောက်ရန် လျာထားသည့် မြေနေရာနှင့် ခရိုင်ရုံးဝန်းအတွင်း ပတ်လမ်းကို ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း တို့အား ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
 

Post Paragraph
video-upload