ပူတာအို-နမ်ထွမ်ခူးလမ်း မြေသားလမ်းမှ ကျောက်ချောလမ်းအဆင့် မြှင့်တင်ပေးခြင်းကြောင့် ရာသီမရွေးဖြတ်သန်းသွားလာနိုင်ပြီ

ပူတာအို ဇွန် ၂၈

ကချင်ပြည်နယ် ပူတာအိုမြို့နယ်တွင် နယ်စပ်ရေးရာ၀န်ကြီးဌာန၏ ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ပူတာအို-နမ်ထွမ်ခူးလမ်းပိုင်း မြေသားလမ်းမှ ကျောက်ချောလမ်း ၁၄ မိုင်အနက် အဆင့်မြှင့်တင်ရန် ကျန်ရှိသည့် တစ်မိုင်လေးဖာလုံကို အဆင့်မြှင့်တင်ဆောင်ရွက်ပေးခြင်းကြောင့် ယခုအခါ ရာသီမရွေးဖြတ်သန်း သွားလာနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

ပူတာအို-နမ်ထွမ်ခူးလမ်းပိုင်း နယ်စပ်ရေးရာ၀န်ကြီး ဌာန၏၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံ ငွေကျပ်သန်း ပေါင်း ၁၈၇ ဒသမ ၀၀၁ သန်းဖြင့် လမ်းအရှည်တစ်မိုင် လေးဖာလုံ၊ လမ်းအကျယ် ၁၂ ပေကို ကျောက် ၁၂ လက်မ ထု၊ လမ်းပခုံးတစ်ဖက်လျှင် လေးပေတို့ကို တင်ဒါအောင်မြင်သည့် ကုမ္ပဏီက တာ၀န်ယူအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ယင်းကျေးရွာအုပ်စုသို့ ဆက်သွယ်ထားသည့်လမ်းသည် ယခင်ကမိုးရာသီတွင် လူများသာ သွားလာနိုင်ပြီး သုံးဘီး မော်တော်ဆိုင်ကယ်များသွားလာရန် အခက်အခဲရှိခဲ့သော်လည်း ယခုအခါ နယ်စပ်ရေးရာ၀န်ကြီးဌာန၏ ခွင့်ပြုရန်ပုံငွေဖြင့် မြေသားလမ်းမှကျောက်ချောလမ်း အဆင့်မြှင့် တင်ဆောင်ရွက်ပေးနေခြင်းကြောင့် နမ်ထွမ်ခူးကျေးရွာ အုပ်စုအတွင်းရှိ လူဦးရေ ၃၀၀၀ ကျော်၏ လူမှုရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ဒေသတွင်းခရီးသွား လုပ်ငန်းပါ ဖွံ့ဖြိုးတိုးတက်လာမည့်အပြင် သုံးဘီးမော်တော် ဆိုင်ကယ်များဖြင့် ရာသီမရွေး ဖြတ်သန်းသွားလာနိုင်ပြီ ဖြစ်သည်။

အဆိုပါ လုပ်ငန်းဆောင်ရွက်ပြီးစီးနေမှုများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးမိုးရွှေ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးယောဆီ၊ ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးရုံး ဒုတိယ ညွှန်ကြားရေးမှူး ဦးဇော်လွင်ဦးတို့သည် ယမန်နေ့က ပူတာအို-နမ်ထွမ်ခူးလမ်း မြေသားလမ်းမှ ကျောက်ချော လမ်းအဖြစ်ကျောက်ခင်း၍ အဆင့်မြှင့်တင်ဆောင်ရွက်ထား ရှိသော လမ်းနှင့်တံတားများ၊ အမက-နမ်ထွမ်ခူးကျောင်းတွင် ပညာရေးဌာနပြင်ထိန်း ရန်ပုံငွေဖြင့် ကျောင်းကော်မတီများက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။

 ဖုန်ကန်(ပြန်/ဆက်)