ဖေဖော်ဝါရီလ ၆ ရက်
ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ရောက်ရှိနေသည့် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်သည် ဖေဖော်ဝါရီလ ၆ ရက်နေ့၊ နေ့လည်ပိုင်းတွင် စစ်တွေမြို့၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ၏ ပညာသင်ကြားနေမှု အခြေအနေများ၊ နေ့စဉ် အစားအသောက်၊ အာဟာရများ ကျွေးမွေးမှု အခြေအနေများ၊ ကျန်းမာကြံ့ခိုင်ရေး၊ စိတ်ဓါတ်နှင့် စည်းကမ်းများ ကောင်းမွန်စေရေး၊ သင်တန်းကျောင်းရှိ စာသင်ခန်း၊ သင်ထောက်ကူပစ္စည်းများနှင့် အဆောက်အအုံများ ကြံ့ခိုင်မှုများ ရှိစေရေး၊ သင်တန်းကျောင်းအတွက် လိုအပ်ချက်များကို ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းမှာကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သင်တန်းကျောင်းခန်းမတွင် ဝန်ထမ်းများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား တွေ့ဆုံပြီး နိုင်ငံတော်အပေါ် သစ္စာစောင့်သိ၍ ပြည်သူက အားကိုးအားထား ပြုနိုင်မည့် လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ပေးနိုင်ရေးအတွက် အလေးထား ဆောင်ရွက်ရန် လိုပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အလယ်တန်း၊ အထက်တန်းပညာ၊ သက်မွေးပညာများ၊ စက်မှုလက်မှုပညာ များစသည့်အတတ်ပညာများအပြင် ဘဝအခြေခိုင်ရပ်တည်နိုင်မည့် အသိပညာများကို သင်ကြားလေ့ကျင့် ပေးရန် လိုအပ်ပါကြောင်း၊ ယင်းလိုအပ်ချက်များကို မိမိတို့ ဝန်ကြီးဌာန အနေဖြင့် စေတနာထား ဆောင်ရွက်ပေး နေသည်ဖြစ်ရာ စိတ်စေတနာ အရင်းခံသည့် တာဝန်ထမ်းဆောင်မှုများဖြင့် ဂုဏ်ယူစွာ ဆောင်ရွက်ကြစေလိုပါကြောင်း ရှင်းလင်းမှာကြား၍ ဝန်ထမ်းများနှင့် ကျောင်းသား/ ကျောင်းသူများ အတွက် ချီးမြှင့်ငွေများပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရခိုင်ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့ ရောက်ရှိကာ ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၏ တိုးတက်မှု အခြေအနေ များနှင့် စပ်လျဉ်း၍ ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးက ရှင်းလင်းတင်ပြမှုအပေါ် လုပ်ငန်းများ တိုးတက် အောင်မြင်မှုရှိစေရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် စွမ်းနိုင်သမျှ အားထုတ် ကြိုးပမ်းရေး၊ နယ်စပ်ဒေသ များတွင် ရှိနေသည့် တိုင်းရင်းသားများအတွက် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ၎င်းတို့၏ လူမှုစီးပွားဘဝများ တိုးတက်စေရေးအတွက် လိုအပ်ချက်များကို စေတနာထားကာ ဆောင်ရွက် ပေးရန်လိုအပ်ကြောင်း မှာကြားပြီး ရုံးဝန်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန အနေဖြင့် ရခိုင်ပြည်နယ်အတွင်း နယ်စပ်ဒေသတိုင်းရင်းသား လူငယ် များဖွံ့ဖြိုးရေး သင်တန်းကျောင်း ၃ ကျောင်း၊ စက်မှုလက်မှုပညာ သင်တန်း ကျောင်း ၂ ကျောင်း နှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း ၃ ကျောင်း ဖွင့်လှစ်ထားရှိပြီး၊ လူငယ် ဖွံ့ဖြိုးရေးကျောင်းများတွင် အခြေခံပညာများကို အလယ်တန်းမှ တက္ကသိုလ်ဝင်တန်း အထိ လည်းကောင်း၊ စက်မှုလက်မှု ပညာသင်တန်းကျောင်းများတွင် ဆောက်လုပ်ရေး၊ လျှပ်စစ်၊ ဂဟေ၊ စက်ပြင် နှင့် လက်ကိုင်ဖုန်းပြင် သင်တန်းများကိုလည်းကောင်း၊ အိမ်တွင်းမှု သင်တန်းကျောင်းများတွင် အခြေခံ အိမ်တွင်းမှု စက်ချုပ်သင်တန်း နှင့် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းတို့ကို ဖွင့်လှစ်သင်ကြား ပေးလျက်ရှိပြီး ရခိုင်ပြည်နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ခွင့်ပြု ရန်ပုံငွေကျပ် ၃၀၆၄.၈၀၃ သန်းဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းပေါင်း ၄၆ ခု ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများ ၇၄.၈၈ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း၊ စစ်တွေမြို့၊ မင်းပြားမြို့ နှင့် မောင်တောမြို့များရှိ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းများမှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၌ တက္ကသိုလ် ဝင်တန်း ဝင်ရောက် ဖြေဆိုသူ ၇၉ ဦး အနက် အောင်မြင်သူ ၄၄ ဦးရှိပြီး၊ ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သူ ၂၂ ဦးဖြစ်ကြောင်း သတင်း ရရှိပါသည်။
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေး ကော်မတီ ဥက္ကဋ္ဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် စစ်တွေမြို့ရှိ ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးနှင့် သင်တန်းကျောင်းများအားကြည့်ရှုစစ်ဆေး
video-upload