ဖေဖော်ဝါရီလ ၈ ရက်
ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေး ကော်မတီဥက္ကဋ္ဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် နှင့်ပြည်ထောင်စုဝန်ကြီးများသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် ပိုင်းတွင် စစ်တွေမြို့မှ တောင်ပြိုလက်ဝဲသို့ ရောက်ရှိပြီး ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည် ဝင်ရောက်လာချိန်တွင် စတင်စစ်ဆေးလက်ခံမည့် မြန်မာ-ဘင်္ဂလားဒေ့ရှ် ချစ်ကြည်ရေးတံတားသို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်း ရှင်းလင်းဆောင်သို့ ရောက်ရှိပြီး စခန်း တာဝန်ခံအရာရှိမှ ပြန်လည်လက်ခံရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်ထားရှိသည့် အခြေ အနေ၊ ခွင့်ပြုရန်ပုံငွေဖြင့် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများဆောင်ရွက်ပြီစီးမှု၊ ရှေ့ဆက်လက် ဆောင်ရွက် မည့်အစီအမံများနှင့် လိုအပ်ချက်ရှိသည်များကို ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးများက လိုအပ်သည် များညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပြန်လည်ဝင်ရောက် လာမည့်သူများနှင့်စပ်လျဉ်း၍ လဝကလုပ်ငန်းစဉ်များဖြစ်သည့် အိမ်ထောင်စုစာရင်းရေးသွင်း မှတ်သားခြင်း၊ Bio Metric Data များ ရယူ၍ e-ID ဖြည့်သွင်းခြင်း၊ NVC ကတ် ထုတ်ပေးခြင်း၊ Covid စစ်ဆေးခြင်း အပါအဝင် ကျန်းမာရေးဆိုင်ရာ ဆောင်ရွက်မည့် အခြေအနေများ၊ မီးဘေးလုံခြုံရေးအတွက် မီးသတ်တပ်ဖွဲ့မှ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စခန်းအတွင်း ယာယီ လက်ခံထားရှိရေးအတွက် ပြင်ဆင်ထားရှိမှု လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်း မှာကြားခဲ့ပါသည်။
ဆက်လက်၍ ငါးခူရပြန်လည်လက်ခံရေးစခန်းသို့ ရောက်ရှိပြီး စခန်းတာဝန်ခံအရာရှိ၏ ရှင်းလင်း တင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးများက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး ပြန်လည်လက်ခံရေးအတွက် ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့သည် ငါးခူရ အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းသား/ ကျောင်းသူများ စာပေပညာသင်ကြားနေမှုကို ကြည့်ရှုအားပေး၍ အာဟာရ ဖြည့်အစားအစာများ ကျွေးမွေးရန် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ပါသည်။ ထို့နောက် ပြန်လည်ဝင်ရောက် လာမည့်သူများ ရေကြောင်းလမ်းမှ ဝင်ရောက်လာချိန် စစ်ဆေးလက်ခံမည့် ပြူးမချောင်း၊ မော်တော် ဆိပ်ကမ်းသို့ ရောက်ရှိကာ ပြုပြင်ရန် လိုအပ်သည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူ များအား ဆောင်ရွက်ပေးရမည့် လုပ်ငန်းများအား အမြန်ဆုံးဆောင်ရွက်နိုင်ရေးမှာကြားခဲ့ပါသည်။
နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့သည် မောင်တောမြို့၊ လှဖိုးခေါင်ယာယီကြား စခန်းသို့ ရောက်ရှိခဲ့ပြီး စခန်းတာဝန်ခံက ယာယီနေရာချထားရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုနှင့် ခွင့်ပြုပြီး ရန်ပုံငွေများဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ ပြီးစီးမှုအခြေအနေကို ရှင်းလင်းတင်ပြ ခဲ့ရာ ပြည်ထောင်စုဝန်ကြီးများကလုပ်ငန်းများ အချိန်မီပြီးစီးရေး၊ ပြန်လည်ဝင်ရောက်လာသူများအား သတ်မှတ် အချိန်ကာလအတွင်း ယာယီကြားစခန်း၌ စနစ်တကျထားရှိနိုင်ရေး၊ ကျန်းမာရေး၊ ရေ၊ မီး၊ မိလ္လာ လုပ်ငန်းများအား ပြည့်စုံအောင် ဆောင်ရွက်ထားရှိရန်၊ ဆက်လက်တပ်ဆင်နေသည့် အသင့်နေထိုင် နိုင်သော နေအိမ်များကို အချိန်မီပြီးစီးအောင် တပ်ဆင်သွားရန်မှာကြားခဲ့ပြီး စခန်းအတွင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုတို့ကို လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့ကြပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် ရသေ့တောင်မြို့သို့ ရောက်ရှိခဲ့ပြီး စေတီတောင် ယာယီတိုက်ပွဲရှောင်စခန်းမှ ဒေသခံတိုင်းရင်းသားများနှင့် တွေ့ဆုံကာ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်က ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေး ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထား ရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ အနေဖြင့် ယာယီ တိုက်ပွဲရှောင်များအား နေရပ်သို့ပြန်လည် ပို့ဆောင်ကာ မူလအခြေအနေထက် ပိုကောင်းမွန်သော အခြေအနေ ဖြစ်အောင် စီမံဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများနှင့် ယာယီခိုလှုံရာစခန်းများအား ပိတ်သိမ်းနိုင်မှု အခြေအနေများအားလည်းကောင်း ဗွီဒီယိုမှတ်တမ်းဖြင့် အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့ပြီး တိုက်ပွဲရှောင်စခန်းနေ ဒေသခံပြည်သူများ၏ တင်ပြချက်အပေါ် ပြန်လည်ရှင်းလင်း ဆွေးနွေးကာ ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေး ကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်နှင့် ပြည်ထောင်စုဝန်ကြီးများ ပြန်လည်လက်ခံရေးစခန်းများ၊ ယာယီကြားစခန်းနှင့် တိုက်ပွဲရှောင်စခန်းများအား ကြည့်ရှုစစ်ဆေး
Post Paragraph
Paragraph Images
video-upload