ဖေဖော်ဝါရီလ ၁၀ ရက်
ရခိုင်ပြည်နယ်တွင် ရောက်ရှိနေသည့် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေး ကော်မတီဥက္ကဋ္ဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်နှင့် ပြည်ထောင်စုဝန်ကြီးများသည် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ကျောက်တော်မြို့၊ မဟာမုနိ ယာယီတိုက်ပွဲရှောင်စခန်းသို့ ရောက်ရှိခဲ့ကြပြီး စခန်းရှိ တိုက်ပွဲရှောင် တိုင်းရင်းသားပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံစဉ် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်အတွင်းရှိယာယီ တိုက်ပွဲရှောင်စခန်းများတွင် တိုင်းရင်းသားတိုက်ပွဲရှောင်များ ၆၆,၉၆၇ ဦး ရှိပါကြောင်း၊ ကျောက်တော်မြို့နယ်တွင် ယာယီတိုက်ပွဲရှောင်စခန်း ၁၆ ခု ရှိပြီး၊ လူဦးရေ ၁၂,၈၉၈ ဦး၊ အိမ်ထောင်စု ၃,၁၃၈ စု ရှိပါကြောင်း၊ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီအနေဖြင့် ယာယီတိုက်ပွဲရှောင်စခန်းများမှ တိုင်းရင်းသား ပြည်သူများကို မူလနေရပ်များသို့ ပြန်လည်ပို့ဆောင်ပေးနိုင်ရေးအတွက် လိုအပ်ချက်များအားဖြည့်ဆည်း ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ မဟာမုနိစခန်းအပါအဝင် ယာယီ တိုက်ပွဲရှောင်စခန်းများမှ ပြည်သူများ အနေဖြင့် မူလနေရပ်များသို့ ပြန်လည်နေထိုင်နိုင်ရေး တိုက်တွန်းပါကြောင်းနှင့် မူလအခြေအနေထက် ပိုမိုကောင်းမွန်သော လူနေမှုဘဝ တည်ဆောက်နိုင်ရေး ပံ့ပိုးဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း အားပေး စကားများ ပြောကြား၍ လိုအပ်သည်များကိုမှာကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့သည် ကျောက်တော်မြို့ မဟာကံကြီးသျှင် ကျောင်းတိုက်တွင် ခိုလှုံနေသော ယာယီတိုက်ပွဲရှောင် ပြည်သူများနှင့် အခြားစခန်းများမှ ကိုယ်စားလှယ်များအား တွေ့ဆုံ၍ အမှာစကားများ အသီးသီး ပြောကြားခဲ့ကြပြီး ၎င်းတို့ မူလနေရပ်များသို့ ပြန်လည်နေထိုင်နိုင်ရေးအတွက် ပံ့ပိုးဆောင်ရွက်ပေးမည့် အစီအမံများကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးသိန်းဌေးဦး က မြောက်ဦးမြို့နယ် လက္ကာကျေးရွာနှင့် ကျောက်ဖြူမြို့နယ် ကျောက်တစ်လုံး စခန်းများအတွက် ဆောင်ရွက်ပေးမှု ဓာတ်ပုံမှတ်တမ်းများဖြင့် နမူနာပြသ ရှင်းလင်းခဲ့ပါသည်။ ၎င်းနောက် စခန်းအတွင်း စားသောက် နေထိုင်နေမှုနှင့် ကျန်းမာရေးအခြေအနေများအား မေးမြန်း၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြပြီး မဟာကံကြီးသျှင်ကျောင်းတိုက် ကျောင်းထိုင် ဆရာတော်ဘဒ္ဒန္တ နံ့သာစာရ အားဖူးမြော်ကာ ကျောင်းတိုက်တွင် ဖွင့်လှစ်ထားသည့် မေတ္တာဥယျာဉ်ပရဟိတ လူငယ်ကျောင်း၌ ပညာသင်ကြားနေသည့် ကျောင်းသား/ကျောင်းသူ ၃၇၅ ဦး နှင့် ဆရာ/ ဆရာမ ၂၈ ဦးတို့ အတွက် ချီးမြှင့်ငွေများ ပေးအပ်လှူဒါန်းခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည် မြောက်ဦးမြို့ သျှစ်သောင်း ဘုန်းတော်ကြီးကျောင်း ယာယီတိုက်ပွဲရှောင်စခန်းသို့ ရောက်ရှိကြပြီး မြောက်ဦးမြို့နယ်အတွင်းရှိ ယာယီ တိုက်ပွဲရှောင် စခန်း ၂၆ ခုတို့မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ၍ ၎င်းတို့၏ မူလနေရပ်များသို့ ပြန်လည်နေထိုင်နိုင်ရေး ထောက်ပံ့ ဆောင်ရွက်ပေးမည့် အခြေအနေ ဓာတ်ပုံမှတ်တမ်းများအား နယ်စပ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ရှင်းလင်းပြသခဲ့ပါသည်။ ၎င်းနောက်ပြည်ထောင်စုဝန်ကြီးများက ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံပြည်သူများအနေဖြင့် နိုင်ငံတော်အစိုးရ၊ တပ်မတော်တို့နှင့်အတူ လက်တွဲကာ ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံပြီး စည်းလုံး ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ပုံ၊ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းစေရေးအတွက် တံခါးဖွင့် ဖိတ်ခေါ်လျက်ရှိသည့် ငြိမ်းချမ်းရေးလမ်းကြောင်းအတိုင်း လျှောက်လှမ်း၍ ဆွေးနွေးဆောင်ရွက်သွားရန် လိုအပ်ပုံတို့ကို အသီးသီး ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးများသည် သျှစ်သောင်း ဘုန်းတော်ကြီးကျောင်း ဆရာတော် ဘဒ္ဒန္တသုန္ဒရ ထံသို့ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထု ငွေများဆပ်ကပ်လှူဒါန်းခဲ့ကြပြီး သျှစ်သောင်းပုထိုးတော်ကြီး၊ ထုက္ကန်သိမ်တော်နှင့် မြောက်ဦး ရှေးဟောင်း သုတေသနပြတိုက်တို့သို့ သွားရောက် ဖူးမြော်လေ့လာ ကြည့်ရှု၍ အလှူငွေများ ပေးအပ်ကာ ဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ်များ ရေးထိုးခဲ့ကြပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့သည် မင်းပြားမြို့သို့ ရောက်ရှိပြီး ယာယီတိုက်ပွဲရှောင် စခန်း ၁၁ ခုတွင် ခိုလှုံနေကြသည့် ယာယီတိုက်ပွဲရှောင်ပြည်သူများ၏ တာဝန်ခံများနှင့် ကိုယ်စားလှယ်များကို အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၌ တွေ့ဆုံ၍ ၎င်းတို့၏ မူလနေရပ်များတွင် ပြန်လည်နေထိုင်နိုင်ရေး ထောက်ပံ့ ဆောင်ရွက်ပေးမည့် အခြေအနေများနှင့် လိုအပ်သည်များကို ရှင်းလင်းမှာကြားဖြည့်ဆည်းပေးခဲ့ပြီး အိမ်တွင်းမှုသင်တန်းကျောင်းနှင့် နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း တို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြပါသည်။
ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးများသည် ပြည်နယ်ဝန်ကြီးချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဧည့်ရိပ်သာ၌ ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း ဆောင်ရွက်ချက်များနှင့်စပ်လျဉ်းသည့် သုံးသပ်ညှိနှိုင်းခြင်း အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက် လာသူများက ခရီးစဉ်အတွင်း တွေ့ရှိချက်များ၊ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်နိုင်မှု အခြေအနေနှင့် ဖြည့်ဆည်းပေးရန်လိုအပ်ချက်များ၊ ဆက်လက် ဆောင်ရွက်သွားမည့် အစီအမံများအား အသေးစိတ် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေး ကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်နှင့် ပြည်ထောင်စုဝန်ကြီးများ IDPs စခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများ ကြည့်ရှုစစ်ဆေး
Post Paragraph
Paragraph Images
video-upload