၂၀၂၁ ခုနှစ် ဇန်နဝါရီ ၈
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် (၁၉၂.၀၀) သန်းဖြင့် ဟိုပုံးမြို့နယ်၊ တိလုံ-ကျောက်တန်း-လုံခုတ်ကျေးရွာအုပ်စု၊ နမ့်ပေါ်ဟွန်း-သက်သာ-ပုံချောင်းမြေလမ်းဖြင့် (၁၃/၀) မိုင်အနက် (၅/၀) မိုင် ကျောက်ခင်းပြီး ကျန် (၈/၀) မိုင်အနက် (၁/၄) မိုင်အား ကျောက်ခင်းခြင်းလုပ်ငန်း စတင်ဆောင်ရွက်လျက်ရှိရာ ဟိုပုံးမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ တာဝန်ရှိသူများသည် လုပ်ငန်းအချိန်မီပြီးစီးရေးနှင့် အရည်အသွေးကောင်းမွန်ရေးအတွက် ဇန်နဝါရီ (၈) ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ရာ ကျောက်ခင်းခြင်းလုပ်ငန်း (၁/၄) မိုင်အနက် (၀/၄) မိုင် ပြီးစီးပြီဖြစ်ပါသည်။ အဆိုပါ ကျောက်လမ်း (၁၃/၀) မိုင်အား ကျောက်ခင်းခြင်းလုပ်ငန်း ပြီးစီးပါက ဟိုပုံးမြို့နယ် တစ်ခုလုံးနှင့် မိုင်းပွန်မြို့နယ်၊ လွိုင်လင်မြို့နယ်၊ ဆီဆိုမြို့နယ်၊ တောင်ကြီးမြို့နယ်နှင့် ကယားပြည်နယ်၊ လွိုင်ကော်မြို့များသို့ သွားလာရန် ယခင်ကထက် ပိုမိုလွယ်ကူမှုရှိပြီး ဒေသအတွင်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာမည်ဖြစ်ကြောင်း ကျေးရွာအုပ်စု (၂) စု၊ ကျေးရွာ (၁၀) ရွာ၊ အိမ်ခြေ (၁၀၂၀) အိမ်၊ အိမ်ထောင်စု (၁၀၂၆)၊ လူဦးရေ (၅၁၃၀) ဦးခန့်၏ စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေးကဏ္ဍများ ယခင်ထက် ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး ယင်းဒေသရှိ တောင်ယာစိုက်ပျိုးသည့် တောင်သူများအနေဖြင့်လည်း မိမိဒေသထွက်ကုန်များအား စျေးကွက်သို့ အချိန်တိုအတွင်း အလွယ်တကူ တင်ပို့ရောင်းချနိုင်ပြီး ဝင်ငွေမြင့်မားလာကာ လူမှုစီးပွားဘဝများ တိုးတက်လာမည်ဖြစ်သည့်အပြင် မြို့ပြနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်မှုသည်လည်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာခြင်းကြောင့် အချိန်တိုအတွင်း တိုးတက်ပြောင်းလဲ လာမည်ဖြစ်ကြောင်း သိရသည်။