၂၀၂၂ခုနှစ်၊အောက်တိုဘာလ၇ရက် ကျိုင်းတုံမြို့
နိုင်ငံတော်အကြီးအကဲများ၏လမ်းညွှန်ချက်နှင့်အညီ နယ်စပ်ဒေသဖွံ့ဖြိုးရေး အစီအစဉ်အရ တိုင်းရင်းသားအမျိုးသမီးငယ်များရဲ့ လူနေမှုဘဝဖွံ့ဖြိုးတိုးတက် လာစေရန်၊ လူမှုစီးပွား ဘဝတိုးတက်မြင့်မားလာစေရန်၊ အမျိုးသမီးများ အိမ်တွင်းမှု အသက်မွေးလုပ်ငန်းပညာများ ကိုတက်မြောက်ကျွမ်းကျင်ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း များထူထောင်နိုင်သည်အထိ လုပ်ကိုင်နိုင်ရန်ရည်ရွယ်၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန မှ ဖွင့်လှစ်သင်ကြားပေးနေသော ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ကျိုင်းတုံမြို့ရှိ အမျိုးသမီးအိမ်တွင်း မှုသက်မွေးလုပ်ငန်းပညာသင်တန်း ကျောင်း၌ ပြုလုပ်သည့် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း၊ အမှတ်စဉ်(၃) သင်တန်းဆင်းပွဲအခမ်း အနားကို ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ ၇ ရက်၊ ယနေ့နံနက်ပိုင်းက ကျန်းမာရေးဆိုင်ရာလမ်းညွှန်ချက်များနှင့်အညီ အဆိုပါသင်တန်း ကျောင်း၌ ကျင်းပပြု လုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင် နှင့် တိုင်းစစ်ဌာန ချုပ်မှ အရာရှိကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် သင်တန်းနည်းပြများ တက်ရောက် ခဲ့ကြသည်။
ပထမဦးစွာ တိုင်းမှူးက သင်တန်းဆင်း အမှာစကားပြောကြားပြီး သင်တန်းဆင်း လက်မှတ်များကို ပေးအပ်ရာသင်တန်းသူတစ်ဦးက လက်ခံရယူ၍ သင်တန်းတွင် ပထမ၊ ဒုတိယနှင့် တတိယ ဆုရရှိသော သင်တန်းသူများကို တိုင်းမှူး၏ ဇနီးက ဆုများပေးအပ် ချီးမြှင့်ပါသည်။ ထို့နောက် သင်တန်းသူတစ်ဦးက သင်တန်းသူ အားလုံးကိုယ်စား ကျေးဇူးတင် စကား ပြန်လည်ပြောကြားပါသည်။ ဆက်လက်၍ တိုင်းမှူးက သင်တန်းဆင်းဂုဏ်ပြု ချီးမြှင့်ငွေ (၃)သိန်းကျပ် ပေးရာ ကျောင်းအုပ် ဆရာမကြီးက လက်ခံရယူ၍ သင်တန်း ကာလအတွင်း သင်ကြားပို့ချခဲ့မှုများကို ပါဝါပွိုင့်ဖြင့်ရှင်းလင်းတင်ပြပါသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက သင်တန်းနည်းပြများ၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်၍ ခင်းကျင်းပြသထားသည့် သင်တန်းသူများ၏ လက်မှုအနုပညာ လက်ရာများကို ကြည့်ရှုအားပေးကြကာ အခမ်းအနားကို ရုပ်သိမ်းကြသည်။
အဆိုပါ သင်တန်းကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ မြို့နယ်အသီးသီးမှ သင်တန်းသူ ၃၀ ဦးဖြင့် ၂၀၂၂ ခုနှစ်၊ မေလ ၉ ရက်နေ့မှ အောက်တိုဘာလ ၇ ရက်နေ့ အထိ(၅)လ(၂၂ပတ်)ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့ကာ ယခုဆိုလျင် သင်တန်း ကျောင်းအနေဖြင့် သင်တန်းသူ ပေါင်း (၃၇၄၆)ဦး မွေးထုတ် ပေးနိုင်ခဲ့ပြီး ကိုယ်ပိုင်စီး ပွားရေးလုပ်ငန်းဖြင့် အောင်မြင်စွာ စီးပွားရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် သင်တန်းသူပေါင်း (၁၉၇၂) ဦးအထိရှိလာပြီး သင်ကြားပို့ချမှုများမှာ စက်ချုပ်ပညာ၊ ဇာထိုးပန်းထိုးပညာ၊ မုန်မျိုးစုံလုပ်နည်းပညာ နှင့် ဟင်းလျာမျိုးစုံချက်ပြုပ်နည်းပညာ တို့ဖြစ်ကြောင်းနှင့် အလားတူ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့တွင်လည်း အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း၊ အမှတ်စဉ်(၂)သင်တန်း ဆင်းပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ သက်ဆိုင်ရာတပ်နယ်မှူးများ နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြပြီး သင်တန်းသူ (၃၀) ဦးကို သင်တန်းဆင်းပေးခဲ့ကြောင်း သတင်း ရရှိသည်။