သီတဂူဆရာတော်ကြီး ဒေါက်တာ အရှင်ဉာဏိဿရ က ကိုရီးယားသမ္မတနိုင်ငံမှ လှူဒါန်းသည့် အဝတ်အထည်နှင့် ပစ္စည်းများအား နယ်စပ်ဒေသများရှိ ဒေသခံပြည်သူများအတွက် နယ်စပ်ရေးရာဝန်ကြီးဌာနမှတစ်ဆင့် ဖြန့်ဝေ

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ အဘိဓဇမဟာရဌဂုရု အဂ္ဂမဟာပဏ္ဍိတ (D.Litt.) (Ph.D.) သီတဂူဆရာတော်ကြီး ဒေါက်တာအရှင်ဉာဏိဿရထံ ကိုရီးယားသမ္မတနိုင်ငံမှ အလှူရှင် ဒါယကာ၊ ဒါယိကာမများမှ စုပေါင်းလှူဒါန်းသည့် အဝတ်အထည်နှင့် လူအသုံးအဆောင်ပစ္စည်းများအား မြန်မာနိုင်ငံအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နှင့် ချင်းပြည်နယ်အတွင်း ဝေးလံခေါင်ဖျားသည့် ဒေသများရှိ ပြည်သူများအတွက် နယ်စပ်ရေးရာဝန်ကြီးဌာနမှတစ်ဆင့် ဖြန့်ဝေရန် လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားအား ယနေ့နံနက် (၉:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့သစ် မြောက်ပိုင်းရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၌ ကျင်းပပြုလုပ်ရာ သီတဂူ ဆရာတော်ကြီး ဒေါက်တာ အရှင်ဉာဏိဿရ နှင့် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိုးမိုးအောင်၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ မြို့တော်ဝန်ဦးမောင်မောင်စိုး နှင့် နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန် ရှိသူများ တက်ရောက်ခဲ့ကြသည်။
    ရှေးဦးစွာ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များနှင့် ပရိသတ်များက နမောတဿ သုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီး သီတဂူဆရာတော်ကြီးက ဩဝါဒကထာ မိန့်ကြားရာတွင် ကိုရီးယားသမ္မတနိုင်ငံမှ အလှူရှင် ဒါယကာ၊ ဒါယိကာမ များအနေဖြင့်လည်း မြန်မာနိုင်ငံ အတွင်းရှိ ဝေးလံခေါင်ဖျား၍ သွားလာရေးအလွန်ခက်ခဲကာ အအေးလွန်ကဲသော နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နှင့် ချင်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူများအတွက် သဒ္ဓါတရားထက်သန်စွာ လှူဒါန်းပေးရခြင်း ဖြစ်ကြောင်းနှင့် ယခုလို မိုးဦးကာလ၌ ရင်ဆိုင်ကြုံတွေ့ရမည့် ရာသီ ဥတုဒဏ်ကို အံတုနိုင်ရန်အတွက် လှူဒါန်းသည့် အအေးဒဏ်ခံ အဝတ်အထည်နှင့် လူအသုံး အဆောင် ပစ္စည်းများအား အမြန်ဆုံးဖြန့်ဝေပေးပို့နိုင်ရေး ဆောင်ရွက်ပေးနိုင်ပါရန် မိန့်ကြားခဲ့သည်။
    ဆက်လက်၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ရှေးယခင်ကတည်းကပင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်နှင့်ပူးပေါင်း၍ နယ်စပ်ဒေသများရှိ တိုင်းရင်းသား ပြည်သူများအတွက် ပညာရေး၊ ကျန်းမာရေး အစရှိသည့် လှူဒါန်း ထောက်ပံ့မှုများကို ဆောင်ရွက်ပေး ခဲ့ပါကြောင်း၊ ယခု သီတဂူဆရာတော်ကြီး၏ လမ်းညွှန် မိန့်ကြားချက်အရ အဆိုပါ အဝတ်အထည်နှင့် လူအသုံးအဆောင် ပစ္စည်းများအား အအေးဓါတ်များပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်အပြင် ဝေးလံခေါင်ဖျားသော ဒေသများဖြစ်သည့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ (လေရှီး၊ လဟယ်၊နန်းယွန်း)၊ ချင်းပြည်နယ် (မင်းတပ်၊မတူပီ) ဒေသအတွင်းရှိ ဒေသခံပြည်သူတို့ လက်ဝယ်အရောက် ဖြန့်ဝေ ပေးခြင်း အား နယ်စပ်ရေးရာဝန်ကြီးဌာန၊ ချင်းပြည်နယ်အစိုးရအဖွဲ့ နှင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဦးစီး အဖွဲ့တို့ ပူးပေါင်းစီမံ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း လျှောက်ထားခဲ့ပါသည်။
    ထို့နောက် သီတဂူဆရာတော်ကြီးမှ ကိုရီးယားသမ္မတနိုင်ငံမှ လှူဒါန်းထောက်ပံ့သည့် အဝတ်အထည် နှင့် လူအသုံးအဆောင်ပစ္စည်းအမျိုးအစား (၁၆) မျိုး စုစုပေါင်းအရေအတွက် (၄၉,၈၉၈) တို့အား နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး အဗုဒ္ဓသာသနံစိရံတိဠတု (၃) ကြိမ် ရွတ်ဆို၍ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။
    ယနေ့ လှူဒါန်းပေးခဲ့သော ပစ္စည်းများမှာ လူကြီးဝတ်(ကျား) အင်္ကျီနှင့်အ‌နွေးထည် (၂၇၄၅) ထည်၊ ဘောင်းဘီ (၆၆၇) ထည်၊ ခေါင်းစွပ် (၅၂)ခု၊ ဦးထုပ် (၃၂၇) လုံး၊ လူကြီးဝတ် (မ)  အင်္ကျီနှင့်အ‌နွေးထည် (၁၁၈၁၁) ထည်၊ ဘောင်းဘီ (၄၃၃၇) ထည်၊ မာဖလာ (၆၆၉)ခု၊ စွပ်ကျယ် (၁၅၁)ထည်၊လည်စည်း(၈၅)ခု၊ စကပ် (၈၃၄)ထည်၊ အင်္ကျီ+ဘောင်းဘီဝမ်းဆက် (၂၈) စုံ၊ ပိုက်ဆံအိတ် (၈၄) ခု၊ ဖိနပ် (၃၅)ရံ၊ ခါးပတ် (၁၆)ခု၊ ကလေးဝတ်(ကျား) အင်္ကျီနှင့်အ‌နွေးထည် (၁၄၈၆) ထည်၊ ဘောင်းဘီ (၁၇၅) ထည်၊ ခေါင်းစွပ် (၁၀၀)ခု၊ ကလေးဝတ် (မ) အင်္ကျီနှင့် အ‌နွေးထည် (၅၃၉) ထည်၊ ဘောင်းဘီ (၅၈၈) ထည်၊ အင်္ကျီ+ဘောင်းဘီဝမ်းဆက် (၃၀၀) စုံ၊ ဦးထုပ် (၁၆၃၄)လုံး၊ ကျောပိုးအိတ် (၁၄၃)လုံး၊ ဘောပင်(၁၇၂၂၂)ခု နှင့် ယပ်တောင် (၅၈၇၀) ခု စုစုပေါင်းအရေအတွက် (၄၉,၈၉၈) ဖြစ်ကြောင်း သတင်းရရှိပါသည်။

 

Post Paragraph