တီးတိန်မြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွင်း အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်း ၁၁၅ ကျောင်း ဖွင့်လှစ်ထားရှိပြီး ဆရာ ဆရာမ ၆၈၇ ဦးတို့က ကျောင်းသား ကျောင်းသူ ၁၃၀၆၂ ဦးကို ပညာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါကျောင်းများ၌ ကျောင်းသား ကျောင်းသူများ ပညာသင်ကြားနေမှု၊ အစိုးရစက်မှုလက်မှုသိပ္ပံ (တီးတိန်) ၌ လက်တွေ့သင်ကြားနေမှုများကို နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ကြည့်ရှုအားပေးပြီး နိုင်ငံတော်၏ အနာဂတ်မျိုးဆက်သစ်လူငယ်များဖြစ်သော ကျောင်းသား ကျောင်းသူများသည် ဗလငါးတန်နှင့် ပြည့်စုံရမည်ဖြစ်ကြောင်း၊ Grade 10 မှစ၍ စက်မှုပညာ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးများကို ရွေးချယ်သင်ကြားနိုင်အောင် နိုင်ငံတော်က စီစဉ်ဆောင်ရွက်ပေးထားသဖြင့် မိမိတို့ဝါသနာပါသည့် ပညာရပ်များကို လေ့လာသင်ယူခွင့်ရရန် ကြိုးစားကြစေလိုကြောင်း ပြောကြား၍ ကျောင်းသား ကျောင်းသူများအတွက် မုန့်နှင့် အချိုရည်များ ပေးအပ်သည်။
ထို့ပြင် တီးတိန်မြို့ ခုတင် (၁၀၀) ဆံ့ ပြည်သူ့ဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူနေသည့် လူနာများကို အားပေးစကားပြောကြားပြီး အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် ကိုယ်ဝန်ဆောင် မိခင်၊ မီးဖွားမိခင်များကို ထောက်ပံ့ငွေများ ပေးအပ်သည်။
တီးတိန်မြို့ ခုတင် (၁၀၀) ဆံ့ ပြည်သူ့ဆေးရုံတွင် မြို့နယ်ဆရာဝန်အပါအဝင် ကျန်းမာရေးဝန်ထမ်း ၁၆၆ ဦးတို့က ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးလျက်ရှိပြီး ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှစ၍ ယနေ့အထိ လူနာပေါင်း ၁၂၆၆၅ ဦးအား ကုသပေးနိုင်ခဲ့ကြောင်း သိရသည်။