နေပြည်တော် နိုဝင်ဘာလ ၁၃ ရက်
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနအဖွဲ့ဝင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် အောင်ဇော် အေး၊ ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဌ ဦးသိန်းဇော်၊ အတွင်းရေးမှူး ဦးခင်ဇော်ဦး၊ အဖွဲ့ဝင်ဦးအောင်စိုး၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့မှ ကိုယ်စား လှယ်များ ပါဝင်သောအဖွဲ့သည် ငြိမ်းချမ်းရေးနှင့် နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရန်အတွက် နိုဝင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့မှ လေ ကြောင်းခရီးဖြင့် ထွက်ခွာခဲ့ကြရာ လားရှိုးမြို့ သို့ရောက်ရှိခဲ့ကြပြီး လားရှိုးလေဆိပ်တွင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ခင်လှိုင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနိုင်ဝင်းအောင်နှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပါသည်။
နိုဝင်ဘာ ၁၁ ရက်နေ့ နံနက်ပိုင်းတွင်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လားရှိုး မြို့မှ မော်တော်ယာဉ်များဖြင့် ထွက်ခွါခဲ့ကြရာပန်ဆန်းမြို့သို့ မွန်းလွဲပိုင်းတွင် ရောက်ရှိခဲ့ကြပြီး “ဝ” အထူးဒေသ (၂) ဥက္ကဌ ဦးပေါက်ယူချမ်းဦးဆောင်သော တိုင်းရင်းသားခေါင်းဆောင်များက ကြိုဆို နှုတ်ဆက်ခဲ့ကြပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပန်ဆန်းမြို့ “ဝ” အထူးဒေသ(၂) အစည်းအဝေးခန်းမတွင် ဒုတိယဥက္ကဌ ဦးရှောက်မီလျန် ဦးဆောင်သော တိုင်းရင်းသား ခေါင်းဆောင်များနှင့် တွေ့ဆုံ၍ ဒေသတည်ငြိမ်အေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေး ကိစ္စရပ်များအား ခင်မင်ရင်းနှီးစွာ ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ဝင်များက “ဝ”အထူးဒေသ (၂) ဒုတိယဥက္ကဌ ဦးရှောက်မီလျန်ထံ အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြပါသည်။
နိုဝင်ဘာ ၁၂ ရက်နေ့ နံနက်ပိုင်းတွင်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပန်ဆန်းမြို့ရှိ ပံသုသိင်္ဂီစေတီတော်ကြီးသို့ သွားရောက် ဖူးမြော် ကြည်ညိုကြပြီး မဟာဝန်ဘုန်းတော်ကြီး ကျောင်းတွင် ပန်ဆန်းမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများမှ ဆရာတော်များအား လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။ ထို့နောက် ပန်ဆန်းမြို့တွင် တာဝန် ထမ်းဆောင်လျက်ရှိသော ဌာနဆိုင်ရာ ဝန်ထမ်းများအား တွေ့ဆုံ၍ နှုတ်ဆက် အားပေးစကား ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပန်ဆန်းမြို့မှ မော်တော်ယာဉ်များဖြင့် ထွက်ခွါခဲ့ကြပြီး ပန်ဆန်း-မိုင်းပေါက်-မိုင်းယန်း-ဆီလူး-မိုင်းလား လမ်းတစ်လျှောက် နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများကို ကြည့်ရှုခဲ့ကြပါသည်။ မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် မိုင်းလားမြို့သို့ ရောက်ရှိကြရာ မိုင်းလားအထူးဒေသ (၄) ဥက္ကဌဦးစိုင်းလင်း ဦးဆောင်သော တိုင်းရင်းသား ခေါင်းဆောင် များက ကြိုဆိုနှုတ်ဆက်ခဲ့ကြပါသည်။
ဆက်လက်၍ မိုင်းလားအထူးဒေသ (၄) အစည်းအဝေးခန်းမတွင် ဥက္ကဌ ဦးစိုင်းလင်း ဦးဆောင်သော တိုင်းရင်းသား ခေါင်းဆောင်များနှင့် တွေ့ဆုံ၍ ဒေသတည်ငြိမ် အေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်ငြိမ်းချမ်းရေး ကိစ္စရပ်များအား ခင်မင်ရင်းနှီးစွာ ဆွေးနွေးခဲ့ကြ ပါသည်။ ထို့နောက် မိုင်းလားအထူးဒေသ (၄) ရှိ ဒွေနဂရစေတီ တော်နှင့် ရဟန်းသံဃာတော်များ သီတင်းသုံးရာ ကျောင်းဆောင် ပြန်လည်မွမ်းမံ ရန်အတွက် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနမှ လှူဒါန်းငွေကျပ်သိန်း (၇၀၀) ကို ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးရဲအောင်နှင့် အဖွဲ့က မိုင်းလားအထူးဒေသ (၄) ဥက္ကဌ ဦးစိုင်းလင်းထံ ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး နှင့် အဖွဲ့ဝင်များက တိုင်းရင်းသားခေါင်းဆောင်များအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြပါသည်။
နိုဝင်ဘာ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိုင်းလားမြို့ ဒွေနဂရစေတီတော်သို့ သွားရောက်ဖူးမြော် ကြည်ညိုကြပြီး မိုင်းလားမြို့ပေါ်ရှိ ဘုန်းတော် ကြီးကျောင်းများမှ ဆရာတော်များအား လှူဘွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျိုင်းတုံမြို့သို့ မော်တော်ယာဉ်များဖြင့် ထွက်ခွာခဲ့ကြပြီးကျိုင်းတုံမြို့မှ လေကြောင်းခရီးဖြင့် ဆက်လက်ထွက်ခွာခဲ့ကြရာ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြပါသည်။
ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် လားရှိုးမြို့သို့ ရောက်ရှိစဉ် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနရုံးများ သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။