နေပြည်တော် ဒီဇင်ဘာ ၂၅
National Fitness ဖြစ်သည့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် အထောက်အကူ ဖြစ်စေရေး၊ ဝန်ကြီးဌာန အသီးသီးမှ ဝန်ထမ်းများအား ပျော်ပျော်ရွှင်ရွှင် စည်းစည်းလုံးလုံးဖြင့် ချစ်ခင်ရင်းနှီးမှု ရရှိစေရေး၊ ဝန်ထမ်းများတက်ကြွရွှင်လန်းစွာဖြင့် လုပ်ငန်းတာဝန်များကို ပိုမိုထမ်းရွက် နိုင်စေရေးတို့အတွက် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အသက် ၂၅ နှစ် အောက် ဘောလုံး(အမျိုးသား)ပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၁)၊ (၃)နှင့် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းတို့၌ ဆက်လက် ကျင်းပသည်။
ဝန်ကြီးဌာနပေါင်းစုံ အသက် ၂၅ နှစ်အောက်ဘောလုံး(အမျိုးသား)ပြိုင်ပွဲ ပထမအဆင့် အုပ်စုပတ်လည် ပွဲစဉ်များအဖြစ် ယနေ့နံနက် ၇ နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေး ကွင်းအမှတ်(၁)၌ ပြည်ထဲရေး ဝန်ကြီးဌာနအသင်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်ထဲရေး ဝန်ကြီးဌာနအသင်းက နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းကို ၂ ဂိုး ဂိုးမရှိဖြင့် လည်းကောင်း၊ ညနေ ၃ နာရီတွင် လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ ပညာရေးဝန်ကြီး ဌာနအသင်းနှင့်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင် ကစားကြရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနအသင်းက ပညာရေး ဝန်ကြီးဌာနအသင်းကို ၃ ဂိုး ဂိုးမရှိဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင် အနိုင်ရရှိခဲ့သည်။
အဆိုပါ ဘောလုံး (အမျိုးသား)ပြိုင်ပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဌာနဆိုင်ရာများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့်ဝန်ထမ်းများ၊ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ဘောလုံး အားကစားဝါသနာရှင်များ လာရောက် ကြည့်ရှုအားပေးခဲ့သည်။
ဒီဇင်ဘာလ ၂၆ ရက် ညနေ ၃ နာရီတွင် လေ့ကျင့်ရေးကွင်းအမှတ် (၃)၌ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အသင်းတို့ ဆက်လက် ယှဉ်ပြိုင်ကစားသွားကြမည် ဖြစ်ကြောင်း သိရသည်။
© Copyright Ministry of Border Affairs 2019, All rights reserved.