အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းသူများအား အရစ်ကျစနစ်ဖြင့် ရောင်းချပေး

မြိတ်၊ မတ် ၂၆
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်တန်းကျောင်း (မြိတ်) ၌ ဖွင့်လှစ်ခဲ့သည့် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၅)သင်တန်းဆင်းပွဲအခမ်းအနားကို မတ် ၂၄ ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါ သင်တန်းကျောင်း ခန်းမ၌ ကျင်းပသည်။
    ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဉာဏ်ဇော်က သင်တန်းဆင်း အမှာစကား ပြောကြား ပြီး သင်တန်းကျောင်း ကျောင်းအုပ် ဒေါ်စုမြတ်အေးက သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
    ယင်းနောက် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်သန္တာအေးက သင်တန်းတွင် ထူးချွန်ဆု ရရှိ သော တနင်္သာရီမြို့နယ်မှ သင်တန်းသူ မလတ်စုခိုင်ကို အပ်ချုပ်စက် ၁ စုံ ပေးအပ်သည်။
    ဆက်လက်၍ သင်တန်းကျောင်း ကျောင်းအုပ် ဒေါ်စုမြတ်အေးက သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ရာ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက လက်ခံရယူသည်။
    အဆိုပါသင်တန်းသို့ သင်တန်းသူ ၃၀ ဦး တက်ရောက်ကြပြီး အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်တန်းကျောင်းမှ ဝန်ထမ်း ၉ ဦးတို့က အပ်ချုပ်ပညာ၊ လက်မှုပညာ၊ ခေတ်မီမော်တာ စက်ချုပ်နည်းအပါအဝင် ဂျပန်စင်တီမီတာနည်းဖြင့် အခြေခံမှ အဆင့်မြင့်ထိကို သင်တန်း ၁၈ ပတ် ကာလအတွင်း သင်ထောက်ကူပစ္စည်းအစုံအလင်ဖြင့် စာတွေ့လက်တွေ့ အခမဲ့သင်ကြားပို့ချပေးကြောင်း နှင့် သင်တန်းဆင်းပြီးပါက အထည်ချုပ်စက်ရုံများနှင့် ချိတ်ဆက်ကာ အလုပ်အကိုင်များ ရှာဖွေပေးပြီး ကိုယ်ပိုင်အပ်ချုပ်စက်ဆိုင် ဖွင့်လှစ်လိုသူများကိုလည်း အပ်ချုပ်စက်များကို အရစ်ကျစနစ်ဖြင့် ရောင်းချ ပေးကြောင်း သိရသည်။ 
 

Post Paragraph