အိန္ဒိယသမ္မတနိုင်ငံနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

အိန္ဒိယသမ္မတနိုင်ငံ၏ အကူအညီဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် အသေးစား ဖွံ့ဖြိုးမှုစီမံကိန်းဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲကို ယနေ့ညနေပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ အိန္ဒိယသံအမတ်ကြီး H. E. Mr. Abhay Thakur နှင့် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်လင်းတို့က နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ လက်မှတ်ရေးထိုးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့် အိန္ဒိယ သံအမတ်ကြီး H. E. Mr. Abhay Thakur တို့က အမှာစကားများ ပြောကြားသည်။ ထို့နောက် အိန္ဒိယသံအမတ်ကြီးနှင့် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်တို့က နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြပြီး အပြန်အလှန်လဲလှယ်ကာ ပြည်ထောင်စုဝန်ကြီးနှင့် အိန္ဒိယသံအမတ်ကြီးတို့က အမှတ်တရ လက်ဆောင်ပစ္စည်းများအပြန်အလှန် ပေးအပ်ခဲ့ကြသည်။
အဆိုပါ နားလည်မှုစာချွန်လွှာအရ အိန္ဒိယနိုင်ငံ၏အကူအညီဖြင့် ရန်ကုန်မြို့ ဒဂုံမြို့သစ် ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၌ ကူညီထောက်ပံ့ပေးရေးပစ္စည်းများထားရှိရန် (၁၃၀x၃၀x၂၄) ပေ RC နှစ်ထပ် သိုလှောင်ရုံတည်ဆောက်ခြင်းစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ရာ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အထောက်အကူပြုစေမည့်ပစ္စည်းများ၊ သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသများအတွက် အရေးပေါ်လိုအပ်ချက်ပစ္စည်းများ သိုလှောင်ထားရှိပြီး လိုအပ်မှုရှိတိုင်း အချိန်နှင့်တစ်ပြေးညီ ဖြန့်ဝေပေးမှုများ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

 

video-upload