ကရင်ပြည်နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် စစ်ဆေး

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် တာဝန်ရှိသူများလိုက်ပါလျက် နိုဝင်ဘာ (၂၆) ရက်နေ့ နေ့လည်ပိုင်းတွင် ကရင်ပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးသို့ရောက်ရှိပြီး ကရင်ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး၊ ညွှန်ကြားရေးမှူးက နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့မှုအပေါ် ပြည်ထောင်စုဝန်ကြီးက ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်များနှင့်အညီ စွမ်းစွမ်းတမံထမ်းဆောင်သွားကြရန် မှာကြားခဲ့ပြီး ကရင်ပြည်နယ်ဝန်ထမ်းများအတွက် ထောက်ပံ့ ငွေများ ပေးအပ်ခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် လှိုင်းဘွဲ့မြို့နယ်၊ ကမော့လယ်-ကြာအင်းလမ်း (၇/၂)မိုင် လမ်းလုပ်ငန်းခွင်သို့ရောက်ရှိပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက် ပြီးစီးခဲ့သော ကတ္တရာလမ်း (၂/၀) မိုင်နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ကတ္တရာထပ်ပိုးလွှာ (၁/၂) မိုင်တို့အား ဖောက်လုပ်နေမှု လုပ်ငန်းခွင်သို့ ရောက်ရှိစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများက လမ်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ရှေ့ဆက်လက် ဆောင်ရွက်သွားမည့် အခြေအနေများအား  ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးမှ  သတ်မှတ်ကာလအတွင်း ပြီးစီးရေး အရည်အသွေး စံချိန်စံညွှန်း ကောင်းမွန်စေရေး ရေနှုတ်မြောင်းများနှင့် လမ်းပုခုံးများ စနစ်တကျဆောင်ရွက်ကြရန်၊ လမ်းရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက် စေတနာထား ဆောင်ရွက်သွားကြရန်နှင့် တာဝန်ရှိသူများမှလည်း စဉ်ဆက်မပြတ် ကြပ်မတ်စစ်ဆေးသွားကြရန် ဒေသခံပြည်သူတို့မှလည်း ဆောင်ရွက်ပြီးခဲ့သော လမ်းအပိုင်းလိုက် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်သွားကြရန် မှာကြားခဲ့ပြီး လမ်းကြောင်းအခြေအနေများအား မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဆောက်လုပ်ပေးခဲ့သော လှိုင်းဘွဲ့မြို့နယ်၊ ကမော့လယ်ကျေးရွာအုပ်စု၊ ကမော့လယ်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းသို့ ရောက်ရှိခဲ့ပြီး ဆရာ/ဆရာမ၊ ကျောင်းသား/သူများအတွက် ထောက်ပံ့ငွေ၊ ကျောင်းသုံးဗလာစာအုပ် နှင့် ကျောင်းဝတ်စုံများ ထောက်ပံ့ပေးအပ်ခဲ့သည်။
 ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နိုဝင်ဘာလ ၂၇ ရက် နေ့လည်ပိုင်းတွင် မြဝတီမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းသို့ ရောက်ရှိခဲ့ရာ သင်တန်းကျောင်းအုပ်မှ သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ် သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက သင်တန်းသူများ အနေဖြင့် သင်တန်းကျောင်းမှ ရရှိသည့်ပညာနှင့် အခွင့်အရေးများကို တန်ဖိုးရှိရှိ အသုံးချပြီး မိမိတို့ဘဝတိုးတက်ရေးအတွက် ကြိုးစားသွားကြရန်၊ သင်တန်းတက်ရောက်ခြင်းဖြင့် အစုအဖွဲ့ဖြင့်လုပ်ကိုင် ဆောင်ရွက်တတ်သည့် အဖွဲ့အစည်းစိတ်ဓါတ်၊ စည်ကမ်းများကို စနစ်တကျ လိုက်နာပြုမူတတ်သည့် အလေ့အကျင့်၊ အချိန်ကို စနစ်တကျစီမံခွဲဝေအသုံးချတတ်ခြင်း၊ ကျန်းမာဖြတ်လတ်နိုးကြားသူများ ဖြစ်ခြင်း စသည့်အလေ့အကျင့်များ အမှန်တကယ် တိုးတက်ဖြစ်ထွန်းလျက်ရှိသည့်အတွက် ကျောင်းရှိ ဆရာ/မများ၏ သင်ကြားပြောဆိုမှုများကို အလေးထားလိုက်နာ သင်ယူသွားကြရန်၊ ဆရာ/မများမှလည်း ဆရာ/မိဘကဲ့သို့ စိတ်ထားဖြင့် အိမ်တွင်းမှုအချုပ်အလုပ်၊ မုန့်လုပ်သင်ခန်းစာများအပြင် တိုင်းပြည်ကို ချစ်မြတ်နိုးသည့် မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်နေသည့် အမျိုးသမီးများ ဖြစ်လာ စေရန်၊ သင်ကြား တတ်မြောက်သည့် ပညာရပ်များဖြင့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ထူထောင်နိုင် စေရန်၊ အမျိုးဂုဏ်၊ ဇာတိဂုဏ် စောင့်ထိန်းပြီး လိမ္မာယဉ်ကျေး၍ အကျင့်စာရိတ္တကောင်းမွန်သည့် အမျိုးသမီးကောင်းလေးများ ဖြစ်လာစေရန် စဉ်ဆက်မပြတ် ကြပ်မတ် ပို့ချပေးရန်မှာကြားပြီး ကျောင်း၏ လိုအပ်ချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးကာ သင်ကြားလေ့ကျင့် နေမှုများ၊ စားရိပ်သာ၊ သင်တန်း အိပ်ဆောင်များအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့သစ်သို့ ရောက်ရှိပြီး နယ်စပ်ရေးရာဝန်ကြီးဌာနမှ တည်ဆောက်ပေးခဲ့သော လမ်း/တံတား၊ တန်ဖိုးနည်းအိမ်ရာ၊ စိမ့်စမ်းရေ သွယ်ယူခြင်း၊ လျှပ်စစ်မီးသွယ်တန်းခြင်းများနှင့် မြို့၏ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား ကြည့်ရူ စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

 

Post Paragraph