လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်းနှင့် အားကစားနှင့် ကာယပညာသိပ္ပံကျောင်း ဖွင့်လှစ်ရန်ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

လွိုင်ကော် ဧပြီ ၂၁
    ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် တာဝန်ရှိသူများနှင့်အတူ ဧပြီလ ၂၁ ရက် တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း(လွိုင်ကော်) နှင့် အားကစားနှင့် ကာယပညာသိပ္ပံ (လွိုင်ကော်) ကျောင်းများဖွင့်လှစ်ရန် ကြိုတင်ပြင်ဆင် ဆောင်ရွက် နေမှုများကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။ 
    ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအား လွိုင်ကော်မြို့ ဒေါနိုးကူးရပ်ကွက် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (လွိုင်ကော်) ကျောင်းအုပ်ကြီးက ကျောင်းဖွင့်လှစ်နိုင်ရန်အတွက် ဝန်ထမ်းများစုဖွဲ့ထားမှု၊ ကျောင်းဆောင်များ ကြိုတင်ပြင်ဆင်ထားမှု၊ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်လက်ခံမည့် အခြေအနေနှင့် အုပ်ချုပ်မှုများကို ရှင်းလင်း တင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဝန်ထမ်းများသက်သာချောင်ချိရေးအတွက် ချီးမြှင့်ငွေများ ပေးအပ် သည်။ 
    ထို့နောက် ကျောင်းဝန်းအတွင်းရှိ သင်တန်းသား၊ သင်တန်းသူအိပ်ဆောင်များ၊ စားရိပ်သာများ၊ ထမင်းချက်ဆောင်များ၊ စာသင်ဆောင်များ ကြိုတင်ပြင်ဆင်ထားရှိမှုများကိုလည်းကောင်း၊ ပစ္စည်း စတိုနှင့် ရိက္ခာဂိုဒေါင်များတွင် သင်တန်းသုံးပစ္စည်းများနှင့် ဆန်၊ ဆီ၊ ပဲ၊ ဆားများ ကြိုတင်သိုလှောင် ထားရှိမှု များ၊ ဝန်ထမ်းသက်သာချောင်ချိရေးအတွက် မွေးမြူထားသည့် ဥစားကြက် အကောင် ၅၀၀ မွေးမြူရေးခြံ အောင်မြင်ဖြစ်ထွန်းနေမှုတို့ကိုလည်းကောင်း လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
    ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အားကစားနှင့် ကာယပညာသိပ္ပံ (လွိုင်ကော်)သို့ ရောက်ရှိကာ ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် စားရိပ်သာနှင့် ထမင်းချက်ဆောင် ပြုပြင်မွမ်းမံပြီးစီးမှုများ၊ ကျောင်းသား၊ ကျောင်းသူအိပ်ဆောင်များ၊ စာသင်ဆောင်များ၊ ဝန်ထမ်း အိမ်ရာများ ကြိုတင်ပြင်ဆင်ထားမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်အားကစားနှင့် ကာယပညာ သိပ္ပံ(လွိုင်ကော်)ကျောင်းအုပ်ကြီးက လုပ်ငန်းဆောင်ရွက်မှုအခြေနေများအား ရှင်းလင်း တင်ပြသည်။
    ယင်းနောက် မီတာ ၄၀၀ Synthetic ပြေးလမ်းနှင့် ဘောလုံးကွင်းပြုပြင်ထားရှိမှုများကိုကြည့်ရှု စစ်ဆေးပြီး ယခုပညာသင်နှစ်တွင် သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသည့် ကျောင်းသား၊ ကျောင်းသူများ အင်အားပြည့်တက်ရောက်နိုင်ရေး ကျောင်းစာသင်ကြားသည့် ဆရာ၊  ဆရာမများ ပြည့်စုံစွာ စိတ်အေးချမ်းသာစွာ သင်ကြားနိုင်အောင် စနစ်တကျ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေး ဆောင်ရွက်ကြောင်း သိရ သည်။
        
 

Post Paragraph