မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးပစ္စည်းများအား မြို့နယ်အလိုက် ဖြန့်ခွဲပေးလျက်ရှိ အမှန်တကယ်လိုအပ်သူများထံ အပြည့်အဝရောက်ရှိစေရေး အုပ်စုများခွဲခြားသတ်မှတ်၍ ထိရောက်စွာထောက်ပံ့ရန် စီမံဆောင်ရွက်သွားမည်

စစ်တွေ ဇွန် ၈
(၃၂) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဆုတံဆိပ်များရရှိခဲ့ကြသော ရခိုင်ပြည်နယ်ဂုဏ်ဆောင် အားကစားသမားများအား ထပ်ဆင့်ဂုဏ်ပြု ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးမျိုးသန့်၊ ဒေါက်တာ သက်သက်ခိုင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများနှင့် (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲတွင် ဆုတံဆိပ်များ ရရှိခဲ့ကြသော ရခိုင်ပြည်နယ် ဂုဏ်ဆောင် အားကစားသမားများ တက်ရောက်ကြသည်။
ရှင်းလင်းတင်ပြ
အခမ်းအနားတွင် (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဆုတံဆိပ်များ ရရှိခဲ့ကြသော ရခိုင်ပြည်နယ်ဂုဏ်ဆောင် အားကစားသမားများက တစ်ဦးချင်းမိတ်ဆက်ပြီး ပြိုင်ပွဲ အတွေ့အကြုံများကို ရှင်းလင်းတင်ပြကြသည်။
ဂုဏ်ပြုလက်မှတ်များ ပေးအပ်
ထို့နောက် ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပိုက်ကျော်ခြင်း ပြိုင်ပွဲ (Double Team) တွင် ငွေတံဆိပ်ဆုရရှိခဲ့သော ဦးအောင် မျိုးဆွေနှင့် ဦးအောင်မျိုးနိုင်တို့ကို လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ငွေတံဆိပ်ဆု ရရှိခဲ့သော မနော်ထက်ထက်ဝေကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်က70Kg ဂျူဒို ပြိုင်ပွဲတွင် ကြေးတံဆိပ်ဆု ရရှိခဲ့သော မဖြိုးဆွေဇင်ကျော်ကို လည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက 52 Kg ဂျူဒို ပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုရရှိခဲ့ သော မခင်ခင်စုကိုလည်းကောင်း ထပ်ဆင့်ဂုဏ်ပြု ချီးမြှင့်ငွေနှင့် ဂုဏ်ပြုလက်မှတ်များ ပေးအပ်သည်။
ပေးအပ်လှူဒါန်း
ယင်းနောက် (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲတွင် ဆုရရှိခဲ့သော မြန်မာ့ လက်ရွေးစင်ပိုက်ကျော်ခြင်း အားကစားသမားများနှင့် နည်းပြများက မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူများ အတွက် ငွေကျပ် သိန်း ၂၀ ကို ပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူသည်။
ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီး များသည် ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့နှင့် မုန်တိုင်းဒဏ်သင့်မြို့နယ် များ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် တပ်မတော်အရာရှိကြီးများ ပါဝင်သော ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
အစည်းအဝေးတွင် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က မုန်တိုင်းဒဏ်ကြောင့် မြို့နယ် အလိုက် ပျက်စီးဆုံးရှုံးမှုနှင့် ခန့်မှန်းတန်ဖိုးတွက်ချက်မှု စာရင်းဇယားများကို အတည်ပြုနိုင်ရန် ယခု အစည်းအဝေးတွင် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး ပစ္စည်းများအား နိုင်ငံတော်မှ ရေကြောင်း၊ လေကြောင်း တို့ဖြင့် ပို့ဆောင်ပေးလျက်ရှိပြီး အချိန်နှင့်တစ်ပြေးညီ မြို့နယ်အလိုက် ဖြန့်ခွဲပေးလျက်ရှိကြောင်း၊ ပြည်သူ လူထု လက်ဝယ်အရောက်ဖြန့်ဖြူးရာတွင် ထိရောက်သည့် ဖြန့်ဖြူးမှုဖြစ်ရန်လိုကြောင်း၊ ထို့ကြောင့် အမှန်တကယ် လိုအပ်သူများထံ အပြည့်အဝ ရောက်ရှိစေရေးအတွက် အုပ်စုများ ခွဲခြားသတ်မှတ်၍ ထိရောက်စွာ ထောက်ပံ့ရန် စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုအစည်းအဝေးတွင် ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့်စပ်လျဉ်း၍ လက်ရှိအချိန်အထိ ဆောင်ရွက် ပြီးစီးမှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို တင်ပြဆွေးနွေးစေလိုကြောင်း ပြောကြားသည်။
ဖြည့်ဆည်းဆောင်ရွက်
ထို့နောက် ဘူးသီးတောင်၊ ကျောက်ဖြူ၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ သံတွဲ၊ ပေါက်တော၊ မာန်အောင်၊ ရမ်းဗြဲ၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ မြေပုံ၊ မောင်တောနှင့် စစ်တွေမြို့နယ်များ၌ အနီးကပ်ကြီးကြပ်ဆောင်ရွက်နေကြသည့် တပ်မတော်အရာရှိကြီးများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးများ၊ သက်ဆိုင်ရာ ကော်မတီအလိုက် တာဝန်ရှိသူများက လိုအပ်သည်များကို ပြန်လည်ရှင်းလင်း ဖြည့်ဆည်း ဆောင်ရွက်ပေးကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ခွဲဝေပေးအပ်ထားသည့် သဘာဝဘေး ရန်ပုံငွေ များကို အကျိုးရှိစွာ သုံးစွဲရေး၊ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ၏ ထိခိုက်ပျက်စီးမှုစာရင်းကို သီးခြားပြုစုပေးပို့ရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးပစ္စည်းများ အား လူထုလက်ဝယ်အရောက် ဖြန့်ဝေမှုမှတ်တမ်းများ ပြုစုထားရှိရေးတို့နှင့် စပ်လျဉ်း၍ ဖြည့်စွက် ဆွေးနွေးသည်။
ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
ပေါင်းစပ်ညှိနှိုင်းပေး
ညနေပိုင်းတွင် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပသည့် သဘာဝဘေး ပြန်လည်ထူထောင်ရေးဆိုင်ရာ ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ပြီး တင်ပြချက်များနှင့် လုပ်ငန်းလိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
မိုခါမုန်တိုင်းအလွန် ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူလူထုအား လက်ရှိဆေးရုံများအပြင် အထူးကု ဆေးအဖွဲ့များနှင့် အရေးပေါ်တုံ့ပြန်ရေး ဆေးအဖွဲ့များ စေလွှတ်၍ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ မေ ၁၆ ရက်မှ ဇွန် ၈ ရက်အထိ ပြည်သူ့ဆေးရုံကြီးများ၌ ပြင်ပလူနာ ၁၃၈၈၁ ဦး၊ အတွင်းလူနာ ၂၆၈၅၀ ဦးနှင့် ကျေးလက်ကျန်းမာရေး ဌာန/ဌာနခွဲများတွင် ပြသသည့်လူနာ ၆၈၇၅၀ ဦးတို့ကို ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ပြီး အရေးပေါ်တုံ့ပြန်ရေး ဆေးအဖွဲ့များအနေဖြင့် ရေသန့်ဆေးခတ်ခြင်း ၄၅၇၂ ကြိမ်နှင့် ကျန်းမာရေးပညာပေးခြင်း ၇၉၉၆ ကြိမ်တို့ကို ဆောင်ရွက်ပေးခဲ့သည်။ အထူးကုဆေးအဖွဲ့များအနေဖြင့် ကွင်းဆင်းကုသပေးခဲ့သည့် လူနာဦးရေမှာ ရသေ့တောင် မြို့နယ်၌ ၃၁၈ ဦး၊ စစ်တွေမြို့နယ် ၌ ၇၄၆ ဦး၊ မင်းပြားမြို့နယ်၌ ၁၁၅၀၊ ကျောက်တော်မြို့နယ်၌ ၉၆၁ ဦး၊ ပုဏ္ဏားကျွန်းမြို့နယ်၌ ၂၇၅ ဦး၊ ပေါက်တောမြို့နယ်၌ ၇၂၇ ဦး၊ မာန်အောင်မြို့နယ်၌ ၈၄၈ ဦး၊ ဘူးသီးတောင်မြို့နယ်၌ ၁၉၀ နှင့် မောင်တောမြို့နယ်၌ ၅၃၃ ဦး စုစုပေါင်း ၅၇၄၈ ဦးဖြစ် ကြောင်း သိရသည်။
ထိရောက်စွာကုသမှုပေး
ရခိုင်ပြည်နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် မုန်တိုင်းနောက်ဆက်တွဲ ဝမ်းပျက် ဝမ်းလျှောရောဂါအပါအဝင် ကူးစက်ရောဂါများ ဖြစ်ပွားမှုကို စဉ်ဆက်မပြတ် စောင့်ကြည့်လျက်ရှိပြီး ကြိုတင်ကာကွယ်ရေးအတွက် သန့်ရှင်းသောသောက်သုံးရေများ ဖြန့်ဝေပေးခြင်း၊ ရေသန့်ဆေးခတ်ခြင်း၊ ကျန်းမာရေး အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် ဖြစ်ပွားလာပါကလည်း အချိန်မီ ထိရောက်စွာ ကုသမှုပေးနိုင်ရေး ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်
 

Post Paragraph
video-upload