နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့၌ ကျင်းပသည့် ၂၀၂၄-ခုနှစ်၊ နာဂရိုးရာနှစ်သစ်ကူး ပွဲတော် အခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး တက်ရောက်

မုံရွာ ဇန်နဝါရီ ၁၆
   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် မန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်၊   ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဦးမင်းနောင်၊ ဦးမင်းသိန်းဇံ၊  Jeng Phang နော်တောင်၊   ဒေါက်တာသက်သက်ခိုင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ဒုတိယဝန်ကြီး  ဦးဝင်းဖေနှင့် တာဝန်ရှိသူများနှင့်အတူ  ဇန်နဝါရီလ ၁၅ ရက် နံနက်ပိုင်းတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊  လေရှီးမြို့၌ ကျင်းပပြုလုပ်သော ၂၀၂၄-ခုနှစ်၊ နာဂရိုးရာနှစ်သစ်ကူး ပွဲတော် အခမ်းအနားသို့ တက်ရောက်သည်။
   ဦးစွာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ နာဂရိုးရာ စာပေနှင့်ယဉ်ကျေးမှု(ဗဟို)နာယက ဦးလှထွန်းတို့က ၂၀၂၄-ခုနှစ်၊ နာဂရိုးရာနှစ်သစ်ကူး ကွင်းဝင်မုခ်ဦးအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ယင်းနောက်  နာဂရိုးရာ တိုင်းရင်းသားများမှ  ရိုးရာတံခွန်တိုင်အား  ရိုးရာကွင်းအတွင်း လက်ယာရစ်တစ်ပတ် လှည့်လည်၍ ရိုးရာပန်တိုင်အား စိုက်ထူကြသည်။
   ထို့နောက် ရိုးရာဆုတောင်းတိုင်အား နာဂရိုးရာပန်တုံးအား အဆောက်အဦးရှေ့တွင် စိုက်ထူကာ ဒေသခံတိုင်းရင်းသားများနှင့်အတူ ရိုးရာပန်တုံးအား တီးခေါက်ကြသည်။ 
   ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်  ဒုတိယဝန်ကြီးချုပ်၊ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် တာဝန်ရှိသူများသည် ၂၀၂၄-ခုနှစ်၊ နာဂရိုးရာနှစ်သစ်ကူးပွဲတော် အခမ်းအနားသို့ တက်ရောက်ကြသည်။
   ဦးစွာ နိုင်ငံတော်အလံအား အလေးပြုကြပြီး နာဂရိုးရာသဘာပတိမှ နှစ်သစ်နှုတ်ခွန်း ဆက်စကားပြောကြားသည်။

   ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်   ဒုတိယဝန်ကြီးချုပ်၊ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက နာဂဒေသသည်  တည်ငြိမ်အေးချမ်းသည့် ဒေသဖြစ်သည့်အတွက် နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ကို နာဂဒေသအတွင်းရှိ လဟယ်၊ လေရှီး၊ နန်းယွန်းမြို့နယ်တို့တွင် နှစ်စဉ်အလှည့်ကျ ကျင်းပပြုလုပ်နိုင်ခဲ့ပြီး ယခုနှစ် လေရှီးမြို့တွင် အနယ်နယ်အရပ်ရပ်မှ နာဂတိုင်းရင်းသား ညီအစ်ကို မောင်နှစ်မများ လာရောက် ဆုံစည်းကာ  ပျော်ရွှင်စွာ ကျင်းပနိုင်တာကိုတွေ့မြင်ရကြောင်း၊ နာဂတိုင်းရင်းသား မျိုးနွယ်စုများ၏ ရိုးရာဓလေ့ ထုံးတမ်းများနှင့် ရိုးရာမြေဝိုင်းအက ပဒေသာမျိုးစုံအား တွေ့မြင်ရပြီး ချစ်ကြည်ရင်းနှီးခွင့် ပိုမိုရရှိသည့်အတွက် ဝမ်းသာမဆုံးဖြစ်ရပါကြောင်း၊  နာဂတိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၏ ရိုးရာယဉ်ကျေးမှုဓလေ့ ထုံးတမ်းစဉ်လာများကို  ထိန်းသိမ်းစောင့်ရှောက်ပြီး တိုင်းရင်းသား အချင်းချင်း ရင်းနှီးချစ်ကြည်ခြင်း၊ စည်းလုံးညီညွတ်ခြင်းတို့ အားအခြေခံသည့် ပြည်ထောင်စုစိတ်ဓာတ် အရင်းခံ၍  စုပေါင်းဆောင်ရွက်ခြင်းဖြင့် တွေ့ကြုံရမည့် အခက်အခဲဟူသမျှကို လက်တွဲညီညီ ကျော်လွှား သွားကြရမှာဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် တိုင်းရင်းသားဒေသများ အပါအဝင် တစ်နိုင်ငံလုံး တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍအလိုက် လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက် ပေးလျက်ရှိရာ နာဂတိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အနေဖြင့် အခွင့်အရေးကိုအမိအရ ရယူပြီးအပြည့်အဝ အသုံးချ၍ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။
   နာဂဒေသအတွင်း  ကျန်းမာရေးနှင့် စပ်လျဉ်း၍ ဆေးကုသမှုအပြင် ကျန်းမာရေး အသိပညာ ပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်း၊ တိုးချဲ့ကာကွယ်ဆေးထိုးခြင်း၊ ကလေးသူငယ်များအား ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ ကျန်းမာရေးနှင့် လျော်ညီသည့် နေထိုင်သွားလာ စားသောက်မှုပုံစံတို့  စနစ်တကျ ရှိစေရေး ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေးစသည့် ကဏ္ဍများ၌ လာရောက်တာဝန် ထမ်းဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသခံဝန်ထမ်းများ အနေဖြင့်   တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၏ လူမှု၊စီးပွားဘ၀  ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေး ကြရမှာဖြစ်ကြောင်း၊ နာဂဒေသအတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံအချက်များဖြစ်သည့် မျိုးကောင်းမျိုးသန့်များ ရရှိရေး၊ စိုက်ပျိုးမြေကောင်းမွန်ရေး၊ စိုက်ပျိုးရေ လုံလောက်စွာရရှိရေးနှင့် စိုက်နည်းစနစ် မှန်ကန်မှုရှိစေရေးတို့ကို ဆောင်ရွက်ပေးလျက်ရှိပြီး   မြေဆီလွှာဆုံးရှုံးမှုများပြီး   သဘာဝပတ်ဝန်းကျင် ထိခိုက်မှုဖြစ်ပေါ်စေသည့် ရွှေ့ပြောင်းတောင်ယာ စနစ်ကို လျှော့ချ၍   ရေရှည်တည့်တံ့စိုက်ပျိုးရေး  နည်းစနစ်ဖြစ်သည့် ခေတ်မီလှေကားထစ်  လယ်ယာစနစ်ကို လုပ်ကိုင်ဆောင်ရွက်ရန် ဖြစ်ကြောင်း၊ နာဂဒေသအတွင်း  ဒေသနှင့်လိုက်ဖက်သည့် မွေးမြူရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ မွေးမြူရေးလုပ်ငန်းများ တိုးတက် အောင်မြင်လာသည်နှင့်အမျှ တစ်ဦးချင်းဝင်ငွေ တိုးတက်လာမှုနှင့်အတူ အသားထုတ်လုပ်မှုနှုန်းပါ တိုးတက်လာမှာ ဖြစ်ပါကြောင်း၊ အာဟာရဓာတ်ဖြစ်စေသည့် ပဲမျိုးစုံအပါအဝင် အသားများ လုံလောက်စွာ စားသုံးပေးမှသာလျှင် ခန္ဓာကိုယ်ဖွံ့ဖြိုးတိုးတက်ပြီး ကျန်းမာသန်စွမ်း ဉာဏ်ရည် မြင့်မားသည့်လူမျိုးများ ပေါ်ပေါက်ဖြစ်ထွန်း လာမှာဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် အသိပညာရှင်၊  အတတ်ပညာရှင်များနှင့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေးအတွက် ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ နာဂဒေသအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများအပြင် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကုန်ကြမ်းသွင်းအားစု၊ အရင်းအနှီးနှင့် လူသား အရင်းအမြစ်များ  ပြည့်စုံစေရေးဆောင်ရွက်၍ နိုင်ငံ့စီးပွားမြှင့်တင်ရေး  မတည်ရန်ပုံငွေမှ ချေးငွေများ ရရှိရေး ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ဒေသခံပြည်သူများအား အလုပ်အကိုင် အခွင့်အလမ်းများ  ဖန်တီးပေးပြီး လူမှုစီးပွားဘဝများ   ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဒေသအတွင်း  စီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက်  ကုန်ထုတ်လုပ်ငန်းများကို ဒေသတစ်ခုထုတ်ကုန် တစ်မျိုးဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ရန်နှင့် ရိုးရာချည်ထည်လုပ်ငန်းများ စနစ်တကျ တိုးမြှင့် ထုတ်လုပ်နိုင်ရေးကိုလည်း ကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ နာဂရိုးရာနှစ်သစ်ကူး ပွဲတော် မှသည် တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ရေးကို ဆက်လက်ဆောင်ရွက်၍ နိုင်ငံတော်သစ် ကို ပြည်ထောင်စုတိုင်းရင်းသား အားလုံးနှင့်အတူ လက်တွဲညီညီ ချီတက်သွားကြရန် တိုက်တွန်း ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နှစ်သစ်အမှာစကား ပြောကြားပြီး နာဂတိုင်းရင်းသူတစ်ဦးမှ   နာဂရိုးရာ နှစ်သစ်ကူးပွဲတော်   ဖြစ်ပေါ်လာပုံသမိုင်း အကျဉ်းအား ဖတ်ကြားရှင်းလင်း ပြောကြားသည်။
   ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်   ဒုတိယဝန်ကြီးချုပ်၊ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံ နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှု(ဗဟို)   ကော်မတီနာယက ဦးရူစံကြူးက  နှစ်သစ်ကူး အမှတ်တရ လက်ဆောင်ပေးအပ်သည်။
   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ပြည်ထောင်စုဝန်ကြီး များနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က   ဒေသဖွံ့ဖြိုးရေး ပစ္စည်းများအား ထောက်ပံ့ပေးအပ်သည်။
   ထို့နောက် သဘာပတိက နိဂုံးချုပ်စကား ပြောကြားပြီး နာဂနှစ်သစ်ကူး ပွဲတော်ဖွင့်ပွဲ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။
   ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်   ဒုတိယဝန်ကြီးချုပ်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ရိုးရာပြခန်းများနှင့် ဌာနဆိုင်ရာပြခန်းများအား လိုက်လံကြည့်ရှု အားပေးသည်။
   ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်  ဒုတိယဝန်ကြီးချုပ်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် လေရှီးမြို့၊ ပြည်သူ့ဆေးရုံသို့ရောက်ရှိရာ ဆေးရုံဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေ များပေးအပ်ပြီး ဆေးကုသမှုခံယူနေကြသော ဒေသခံတိုင်းရင်းသားများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်အားပေးကာ တာဝန်ရှိသူများနှင့်အတူ အာဟာရဖြည့်စွက်စာများ ပေးအပ်သည်။
   ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်၊ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းနှင့် လေရှီးမြို့၊ နယ်စပ်ဒေသ   တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းသို့ ရောက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ အိပ်ဆောင်၊ စားဆောင်နှင့်   စာကြည့်တိုက်တို့အား လိုက်လံကြည့်ရှု စစ်ဆေးပြီး အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်သော နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းနှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းတို့မှ ဝန်ထမ်းများ၊   ကျောင်းသား၊  ကျောင်းသူများ၊ သင်တန်းသူများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်သည်။
   ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်   ဒုတိယဝန်ကြီးချုပ်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ခန္တီးခရိုင်နှင့် ဟုမ္မလင်းမြို့နယ်များရှိ ဝန်ထမ်းများနှင့် ကျောင်းသား၊   ကျောင်းသူများအတွက် ဂုဏ်ပြုချီးမြင့်ငွေ၊ ထောက်ပံ့ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများအား   ထောက်ပံ့ပေးအပ်ပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့သည်။
   ဆက်လက်ပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်  ဒုတိယဝန်ကြီးချုပ်၊ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ညပိုင်းတွင် ၂၀၂၄-ခုနှစ်၊ နာဂရိုးရာ နှစ်သစ်ကူးပွဲတော် မီးပုံပွဲ အခမ်းအနားသို့ တက်ရောက်သည်။
   ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် လေရှီးမြို့နယ်၊ နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှု ကော်မတီဥက္ကဋ္ဌ ဦးစံမြတို့က မီးပုံပွဲအား မီးထွန်းညှိ ဖွင့်လှစ်ပေးကြသည်။ တစ်ချိန်တည်းတွင် နှစ်သစ်ကူးအထိမ်းအမှတ် မီးရှူးမီးပန်းများ ဂုဏ်ပြုပစ်ဖောက်ကြသည်။       
   ထို့နောက်   နာဂရိုးရာမျိုးနွယ်စုများ အလိုက် ရိုးရာအကများဖြင့် ကပြဖျော်ဖြေနေမှုများအား ကြည့်ရှုအားပေးကြပြီး ကပြဖျော်ဖြေပေးခဲ့ကြသော ရိုးရာအကအဖွဲ့များအား ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုချီးမြင့်ငွေများ ပေးအပ်ကာ မီးပုံပွဲ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
အလားတူ ဇန်နဝါရီလ ၁၄ ရက်နေ့၊ မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင်  ဒုတိယဝန်ကြီးချုပ်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် တာဝန်ရှိသူများသည် ၂၀၂၄-ခုနှစ်၊ နာဂရိုးရာနှစ်သစ်ကူးပွဲတော်  အထိမ်းအမှတ် အားကစားပြိုင်ပွဲများအဖြစ် ဘော်လီဘောပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး လွန်ဆွဲပြိုင်ပွဲ၊ ရိုးရာထင်းခုတ်ပြိုင်ပွဲ၊ ချောတိုင်တက်ပြိုင်ပွဲ၊ ရိုးရာနပန်း ပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုများအား ကြည့်ရှုအားပေးပြီး တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများ အသီးသီးပေးအပ် ချီးမြင့်ခဲ့ကြောင်း သတင်းရရှိသည်။
 

Post Paragraph
video-upload