
လွိုင်ကော် ဇန်နဝါရီ ၁၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ဘာသာရေး အဖွဲ့ခေါင်းဆောင်များ၊ ပြည်သူ့စစ်ခေါင်းဆောင်များ၊ ငြိမ်းချမ်းရေး အဖွဲ့များနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ကယားပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် စောဒန်နီယယ်၊ ဦးစိုင်းလုံးဆိုင်၊ ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ဦးစောထွန်းအောင်မြင့်၊ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လှမိုး၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ ဒေါက်တာအေးထွန်းနှင့် ဘာသာပေါင်းစုံမှ ဘာသာရေး အဖွဲ့ခေါင်းဆောင်များ၊ ပြည်သူ့စစ်(ဌာနေ) အဖွဲ့ခေါင်းဆောင်များ၊ ငြိမ်းချမ်းရေး အဖွဲ့အစည်းများ၊ နယ်ခြားစောင့်တပ်များမှ ခေါင်းဆောင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် စောဒန်နီယယ်က ပြည်နယ်အတွင်း ငြိမ်းချမ်းရေးကို အတူတကွ ဝိုင်းဝန်း ဖော်ဆောင်ကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးမရှိပါက ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများလည်း ဆောင်ရွက်နိုင်မည် မဟုတ်ကြောင်း၊ ပြည်နယ်အတွင်း စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးလုပ်ငန်းများ အဆင်ပြေ ကောင်းမွန်စေရန်အတွက်လည်း ရပ်ကွက်/ကျေးရွာ ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် နိုင်ငံရေး ဖြစ်စဉ်များကို သိရှိနားလည်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ပြည်နယ်အတွင်း၌ ငြိမ်းချမ်းရေးရှိမှ မိမိတို့ ပြည်နယ်လည်း ဖွံ့ဖြိုး တိုးတက်လာမည် ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးစိုင်းလုံးဆိုင်နှင့် ဦးရွှေကြိမ်းတို့က နှုတ်ခွန်းဆက်စကား ပြောကြားပြီး တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ကယားပြည်နယ် အတွင်းရှိ ဘာသာပေါင်းစုံမှ ဘာသာရေး အဖွဲ့ခေါင်းဆောင်များ၊ ပြည်သူ့စစ်အဖွဲ့များ၊ ငြိမ်းချမ်းရေး အဖွဲ့အစည်းများကလည်း မိမိတို့၏ ကဏ္ဍများအလိုက် ဆောင်ရွက်ချက်များ၊ လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များက လက်ရှိဆောင်ရွက်ပေးနေသည့် အခြေအနေများကို ပြန်လည်ရှင်းလင်း ဖြေကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် စောဒန်နီယယ်က ဘာသာ ပေါင်းစုံမှဘာသာရေး အဖွဲ့ခေါင်းဆောင်များကို နှစ်သစ်ကူးအမှတ်တရ လက်ဆောင်ပန်းခြင်း များကို လည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြည်နယ်ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်(ဌာနေ)အဖွဲ့များ၊ ငြိမ်းချမ်းရေး အဖွဲ့အစည်းများ၊ နယ်ခြားစောင့်တပ်များနှင့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအတွက် ထောက်ပံ့ငွေများကို လည်းကောင်းပေးအပ်ရာ တာဝန်ရှိသူ များက လက်ခံရယူကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် စောဒန်နီယယ်က နိဂုံးချုပ် အမှာစကား ပြောကြားပြီး တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေး စကား ပြောကြားသည်။
ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် ယမန်နေ့ နံနက်ပိုင်းက KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက် သမားများက လက်နက်ကြီးဖြင့် ယုတ်မာရက်စက်စွာ အကြောင်းမဲ့ပစ်ခတ် တိုက်ခိုက်သဖြင့် သေဆုံးခဲ့သည့် အပြစ်မဲ့ပြည်သူအမျိုးသား တစ်ဦး၏ မိသားစုဝင်များ နေအိမ်နှင့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လွိုင်ကော်မြို့ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသ မှုခံယူနေသည့် အပြစ်မဲ့ကျောင်းသား ကျောင်းသူများ၊ အရပ်သားပြည်သူများအား သွားရောက်ကြည့်ရှု အားပေးစကား ပြောကြားပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

