သထုံ အောက်တိုဘာ ၂၀
မွန်ပြည်နယ် သထုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းတို့ပူးပေါင်း၍ ကျောင်းသား၊ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို အောက်တိုဘာလ ၁၉ ရက်က နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း (သထုံ)၌ ကျင်းပသည်။
ဟောပြောပွဲတွင် သထုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးအောင် စာပေများ ဖတ်ရှုကြရေး၊ စာပေလေ့လာခြင်းဖြင့် အသိပညာများဖွံ့ဖြိုးပြီး နိုင်ငံ့သားကောင်း လူငယ်များ ဖြစ်လာစေရေး Social Media များမှ သတင်းတု၊ သတင်းမှားကို သတိပြုကြရေး၊ အချိန်ကို စီမံခန့်ခွဲတတ်စေရေးနှင့် အောင်မြင်သော လူငယ်တစ်ဦးဖြစ်လာစေရေးအတွက် လိုက်နာသင့်သည့်အချက်တို့ကို ဟောပြောပြီး ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းရာ ဟောပြောသူက ပြန်လည်ဖြေကြားပေး သည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိမှတ်ဖွယ်ရာ နံရံကပ်စာစောင်များကို ခင်းကျင်းပြသထားရာ တက်ရောက်လာကြသူများက ကြည့်ရှု့လေ့လာကြသည်။
အဆိုပါအခမ်းအနားသို့ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (သထုံ) ကျောင်းအုပ်ကြီး ဦးလောင်းထန်နှင့် ဝန်ထမ်းများ ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။