
နေပြည်တော်၊ ဇွန်လ ၂၄ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ဝန်ထမ်း သား၊ သမီးများနှင့် ဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့် ခြင်းနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက် ပညာသင်ကြားမည့် ဝန်ထမ်း သား၊ သမီးများအား ပညာသင်ထောက်ပံ့ကြေး ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပခဲ့ရာ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဗိုလ်ချုပ် ခွန်သန့်ဇော်ထူး၊ ဗိုလ်ချုပ် ဖြိုးသန့်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ၎င်းတို့၏ ဇနီးများ၊ တာဝန်ရှိသူများ၊ ဆုရ ကျောင်းသား၊ ကျောင်းသူများ နှင့် မိဘများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် က ဂုဏ်ပြု အမှာ စကား ပြောကြားပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်နှင့် အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေသော ဝန်ထမ်း သား၊ သမီး များအား ပညာသင် ထောက်ပံ့ကြေးများ၊ ကျောင်းဝတ်စုံနှင့် ဗလာစာအုပ်များကို လည်းကောင်း၊ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ၆ ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် မနိုးမွန်မွန်အောင် နှင့် အောင်ချက် အကောင်းဆုံး လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်း ၃ ကျောင်း တို့အား လည်းကောင်း ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး၊ ဗိုလ်ချုပ်ခွန်သန့်ဇော်ထူး က ၅ ဘာသာ ဂုဏ်ထူးရှင် ၄ ဦးနှင့် ရာနှုန်းပြည့် အောင်မြင်သည့် အထူးဆုရ လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်း ၁ ကျောင်း တို့အား လည်းကောင်း၊ ဒုတိယဝန်ကြီး၏ ဇနီးက အောင်ချက် ၇၀% အထက် အောင်မြင်သော လူငယ်ဖွံ့ဖြိုးရေး သင်တန်းကျောင်း ၅ ကျောင်းတို့အား လည်းကောင်း ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ ပါသည်။
၎င်းနောက် ဒုတိယဝန်ကြီး၊ ဗိုလ်ချုပ်ဖြိုးသန့် က ၄ ဘာသာ ဂုဏ်ထူးရှင် ၂ ဦးနှင့် ၃ ဘာသာ ဂုဏ်ထူးရှင် ၄ ဦးတို့အား လည်းကောင်း၊ ဒုတိယဝန်ကြီး၏ ဇနီးက ၃ ဘာသာ ဂုဏ်ထူးရှင် ၇ ဦး တို့အား လည်းကောင်း ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ပါသည်။
ထို့နောက် အမြဲတမ်းအတွင်းဝန် နှင့် ဇနီးက ၃ ဘာသာဂုဏ်ထူးရှင် ၁၄ ဦးတို့အား လည်းကောင်း၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့် ဇနီးက ၃ ဘာသာ ဂုဏ်ထူးရှင် ၁၄ ဦးနှင့် ၂ ဘာသာ ဂုဏ်ထူးရှင် ၂ ဦး တို့အားလည်းကောင်း ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ပါသည်။
ယင်းနောက် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ၆ ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သည့် မနိုးမွန်မွန်အောင်က ထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများ ကိုယ်စား ကျေးဇူးတင် စကားပြောကြားခဲ့ပါသည်။
အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် ဇနီးများ၊ ဌာန ဆိုင်ရာ အကြီးအကဲ များနှင့် ဇနီးများ၊ ဆုရ ကျောင်းသား/ ကျောင်းသူများသည် အမှတ်တရ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး က ကျောင်းအုပ်များ၊ မိဘများ နှင့် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးခဲ့ပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက္ကသိုလ်၊ ကောလိပ် များ၌ တက်ရောက်လျက်ရှိသည့် ဝန်ထမ်း သား၊ သမီး ၁၈၀ ဦး၊ အခြေခံပညာကျောင်းများတွင် တက်ရောက် လျက်ရှိသည့် ဝန်ထမ်းသား၊ သမီး ၁,၂၉၇ ဦး၊ စုစုပေါင်း ၁,၄၇၇ ဦးတို့အတွက် အတန်းလိုက် ပညာသင် ထောက်ပံ့ကြေးများ၊ ကျောင်းဝတ်စုံနှင့် ဗလာစာအုပ်များအား လည်းကောင်း၊ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သူ ၆ ဘာသာ ဂုဏ်ထူးရှင် ၁ ဦး၊ ၅ ဘာသာဂုဏ်ထူးရှင် ၄ ဦး၊ ၄ ဘာသာ ဂုဏ်ထူးရှင် ၂ ဦး၊ ၃ ဘာသာ ဂုဏ်ထူးရှင် ၄၅ ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် ၇၄ ဦး၊ ၁ ဘာသာ ဂုဏ်ထူးရှင် ၂၂၄ ဦး၊ စုစုပေါင်း ဂုဏ်ထူးရှင် ၃၅၀ ဦးတို့အား ဂုဏ်ထူး တစ်ဘာသာလျှင် ကျပ် တစ်သိန်းနှုန်းဖြင့် လည်းကောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက် ၉၄ ဒဿမ ၄၄ ရာခိုင်နှုန်းဖြင့် ပထမဆုရ တီးတိန် လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ အောင်ချက် ၉၀ ဒဿမ ၂၀ ရာခိုင်နှုန်းဖြင့် ဒုတိယဆုရ ပင်းတယ လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ အောင်ချက် ၈၈ ရာခိုင်နှုန်းဖြင့် တတိယဆုရ မအူပင် လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ အထူးဆုရ ကြာအင်းဆိပ်ကြီး လူငယ်ဖွံ့ဖြိုးရေး သင်တန်းကျောင်း၊ အောင်ချက် ၇၀ ရာခိုင်နှုန်းအထက် ရရှိခဲ့သော နန်းယွန်း၊ ပခုက္ကူ၊ လားရှိုး၊ ဆိုက်ခေါင်နှင့် ဘိုကလေး လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်း ၅ ကျောင်းတို့အားလည်းကောင်း ဂုဏ်ပြုဆုများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
