နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးရဲနိုင် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဇူလိုင် ၁၇       
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးရဲနိုင်သည် တာ၀န်ရှိသူများ လိုက်ပါ လျက် (၁၄-၇-၂၀၂၀) ရက်နေ့မှ (၁၇-၇-၂၀၂၀) ရက်နေ့အထိ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
    ရှေးဦးစွာ အမြဲတမ်းအတွင်းဝန်နှင့် အဖွဲ့သည် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၊ အင်္ဂဘို-ကဒိုင်ဒွတ်-မိုးဘောလမ်း (၃/၅)မိုင် ကျောက်ခင်းခြင်းလုပ်ငန်းနှင့် အဆိုပါလမ်းပေါ်ရှိ (၂၀)ပေ ကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားကာ လမ်းအရည်အသွေး ကောင်းမွန်မှုရှိ/မရှိကို စစ်ဆေးခဲ့သည်။ ဆက်လက်၍ သထုံမြို့နယ်၊ အင်တော-အထက်နောင်ကတုတ်လမ်း (၄/၀)မိုင် ကျောက်ခင်းခြင်း လုပ်ငန်းနှင့် ကွန်ကရစ်တံတား (၁၀၀)ပေ (၁)စင်းနှင့် (၆၀)ပေ တံတား(၁)စင်း တည်ဆောက်ခြင်းလုပ်ငန်းအားလည်းကောင်း၊ မွန်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးနှင့် ရေးမြို့နယ် ပလိုင်သိမ်- နှီးနူး- သာဂရမ်- အံဒင်ကျေးရွာချင်း ဆက်လမ်း (၃/၀)မိုင်အနက် (၁/၀)မိုင် ကတ္တရာခင်းခြင်းလုပ်ငန်းများအားလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ဒေသခံများကိုလည်း လမ်းရေရှည်တည်တံ့ရေးအတွက် ဝိုင်းဝန်းထိန်းသိမ်းသွားရန် မှာကြားခဲ့သည်။ 
    အမြဲတမ်းအတွင်း၀န်နှင့်အဖွဲ့သည် ခရီးစဉ်တွင် ကရင်ပြည်နယ်အတွင်းရှိ ပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး၊ ခရိုင်ရုံး၊ မြို့နယ်ရုံးများမှ ၀န်ထမ်းများနှင့် တွေ့ဆုံ၍ ဝန်ထမ်းများခံယူကြရမည့် စိတ်ဓာတ်၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ပြည်သူနှင့်အတူ ပူးပေါင်းဆောင်ရွက်ရေး၊ လုပ်ငန်းများ အရည်အသွေးပြည့်မီစွာ ပြီးစီးရေးတို့အတွက် ကြတ်မတ်ဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။  
    နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် မြေလမ်း (၁၂/၅)မိုင်၊ ကျောက်လမ်း (၄၃/၁)မိုင်၊ ကတ္တရာလမ်း (၁/၀)မိုင်၊ ကတ္တရာထပ်ပိုးလွှာလမ်း(၄/၂)မိုင်၊ တံတား(၂၁)စင်းအား သတ်မှတ်ဘဏ္ဍာနှစ်အတွင်း အရည်အသွေး ပြည့်မီစွာပြီးစီးရေး တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။