နယ်စပ်ရေးရာဝန်ကြီးဌာန အင်္ဂလိပ်စာစွမ်းရည်တိုးတက်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်း ဆင်းပွဲအခမ်းအနား ကျင်းပ

နေပြည်တော်၊ ဇန်နဝါရီလ ၃ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံး နှင့် ဦးစီးဌာနများတွင် တာဝန်ထမ်းဆောင်လျက်ရှိ သည့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားစေရေးအတွက် ဖွင့်လှစ်ပေးခဲ့သည့် အင်္ဂလိပ်စာ စွမ်းရည်တိုးတက်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနား ကို ယနေ့ နံနက်ပိုင်းတွင် ဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
    အခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊  ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွန်ကြားရေးမှူးချုပ်များ၊ လက်ထောက်အတွင်းဝန် / ညွှန်ကြားရေးမှူးများ၊ အရာထမ်း၊ အမှုထမ်းများ၊ သင်တန်းနည်းပြ ဦးသန်းဆွေ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက် ခဲ့ကြပါသည်။
    ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် သင်တန်းဆင်း သင်တန်းသား၊ သင်တန်းသူများ ၏ အင်္ဂလိပ်စာ စွမ်းရည် စားပွဲဝိုင်း ဆွေးနွေးမှုတို့အား ကြည့်ရှုအားပေးခဲ့ပါသည်။ 
    ထို့နောက်ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် က အမှာစကား ပြောကြားရာတွင် မိမိတို့ ဝန်ကြီးဌာနရှိ ဝန်ထမ်းများအနေဖြင့် အင်္ဂလိပ်စာ စွမ်းရည်မြင့်မားလာစေရန် ရည်ရွယ်၍ အင်္ဂလိပ်စာစွမ်းရည် တိုးတက်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၃) ကို ဖွင့်လှစ် ပေးခဲ့ ခြင်းဖြစ်ပါကြောင်း၊ သင်တန်း သင်ကြားပေးခဲ့သည့် ကာလအတွင်း၌ တာဝန်ရှိသူများ နှင့် သင်တန်း နည်းပြတို့၏ အနီးကပ် ကြပ်မတ်လေ့ကျင့်သင်ကြားပေးခဲ့မှုကြောင့် သင်တန်းသား၊ သင်တန်းသူများ အနေဖြင့် အင်္ဂလိပ်စာစွမ်းရည် တိုးတက်မြင့်မားလာသည်ကို တွေ့ရှိရသည့်အတွက် များစွာဂုဏ်ယူ ဝမ်းမြောက် မိပါကြောင်း၊ သင်တန်းတက်ရောက်ခဲ့သည့်အတွက် အင်္ဂလိပ်ဘာသာစကား၏ ကျယ်ပြန့် နက်ရှိုင်းမှု၊ ဝေါဟာရ၊  အသုံးအနှုန်း အနေအထားများကိုပိုမို သိရှိလာပြီး ယခုထက် အဆင့်မြင့်မားသည့် ပညာရပ် များကိုလည်း LifeLong Learning ဘဝတစ်သက်တာတစ်လျှောက် တစိုက်မတ်မတ် လေ့လာ ဆည်းပူးသွားကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ သင်တန်းဆင်း ဝန်ထမ်းများအနေဖြင့် မိမိတို့ လေ့လာ ဆည်းပူးတတ်မြောက်ခဲ့သည့် ပညာရပ်များကို မိမိတို့ ရုံးဌာနခွဲ အသီးသီး၌လည်း ပြန်လည်ဆင့်ပွား သင်ကြားပေးကြရန်၊ မိမိတို့ ဝန်ကြီးဌာန၏ လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက် စေရန်နှင့် ရည်မှန်းချက်၊ ရည်ရွယ်ချက်များ အောင်မြင်လာစေရန် ပညာတန်ဆောင်ကို လက်ဆင့်ကမ်းပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး အတွက် တန်ဖိုးမဖြတ်နိုင်သော နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်လာစေရေးအတွက် ကြိုးစားအားထုတ် ကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားခဲ့ပါသည်။ 
    ဆက်လက်၍ အင်္ဂလိပ်စာ စွမ်းရည်တိုးတက်ရေး သင်တန်းနည်းပြ ဦးသန်းဆွေက သင်တန်း လေ့ကျင့်သင်ကြားပေးခဲ့မှု နှင့် တိုးတက်ဖြစ်ထွန်းမှုများ ရှင်းလင်းပြောကြားခဲ့ပြီး ထူးချွန်ဆုရ ဝန်ထမ်းများ အား ဂုဏ်ပြုဆုများ နှင့် သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ခဲ့ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ပါသည်။
        အဆိုပါ အင်္ဂလိပ်စာစွမ်းရည်တိုးတက်ရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၃) ကို ရက်သတ္တပတ် ၁၀ ပတ်ကြာ ကျွမ်းကျင်နည်းပြမှ စနစ်တကျ လေ့ကျင့်သင်ကြားပေးခဲ့ပြီး တာဝန်ရှိသူများနှင့် နည်းပြ တို့မှ  အင်္ဂလိပ်စာ စွမ်းရည်တိုးတက်မှု အခြေအနေများအား အပတ်စဉ် အကဲဖြတ်ခြင်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
 

Post Paragraph
video-upload