
ဒီဇင်ဘာ ၃၁ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ၊ နယ်စပ်ဒေသ နှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းထွန်းညိုနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် နောင်မွန်မြို့ ပြည့်သူဆေးရုံ တွင် ဆေးရုံ ရုံးခန်း၊ ပြင်ပလူနာဌာန၊ အထူးကြပ်မတ်ဆောင်တို့ ပါဝင်သည့် RC နှစ်ထပ် တိုးချဲ့ဆောင် အသစ် တည်ဆောက်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆေးရုံတက် ရောက်နေသည့် လူနာများ အား တွေ့ဆုံအားပေး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။ ထို့နောက် နာတာရှည် ကျောက်ကပ်ရောဂါ ဖြင့် ဆေးရုံတက်ရောက်ကုသနေသည့် လူနာအား ဆေးရုံကြီးများသို့ပို့ဆောင်၍ ဆေးစစ်ကုသနိုင်ရေး အတွက် စီစဉ်ပေးသွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။
ဆက်လက်၍ နမ့်ပန်ဒမ်းကျေးရွာတွင် ကဆန်ချောင်းကို ဖြတ်ကူးသည့် ကဆန်ထီကြိုးတံတား အား ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြုပြင်ထိန်းသိမ်းမှု ဆောင်ရွက်ရန် လိုအပ်သည်များအား ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။ ၎င်းနောက် အထက(နောင်မွန်)တွင် မြို့မိမြို့ဖများ၊ ဆရာဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအမှာစကားပြောကြားခဲ့ပြီး ကျောင်းအတွက် ဆိုလာ၊ Lap top Computer ၊ Printer များ ထောက်ပံ့လှူဒါန်းခြင်းနှင့် မြို့ရေပေးဝေရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး ခြင်းများ ဆောင်ရွက်ခဲ့၍ ပူတာအိုမြို့သို့ ဆက်လက်ထွက်ခွာခဲ့ပါသည်။
နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပူတာအိုမြို့ရှိ သမိုင်းဝင် ကောင်းမှုလုံ စေတီတော်သို့ ရောက်ရှိဖူးမြော်၍ စေတီတော် ပရိဝုဏ်အတွင်း ပြုပြင်ထိန်းသိမ်းရေး၊ သန့်ရှင်းသာယာ လှပရေးနှင့် ဆောင်ရွက်ရန် လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ နယ်စပ်ရေးရာဝန်ကြီး ဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကောင်းမှုလုံစေတီ၊ ရွှေစည်းခုံပုံတူစေတီနှင့် ရွှေတိဂုံပုံတူစေတီ ဘုရားသုံးဆူပတ်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပူတာအိုလွင်ပြင်ပတ်လမ်း၌ နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့သည့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ၏ ဆောင်ရွက်ပြီးစီးမှု များနှင့် ဆောင်ရွက်ဆဲလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ခံအရာရှိများက လုပ်ငန်း ဆောင်ရွက် နေမှုများအား ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါ သည်။
အဆိုပါ ပူတာအိုလွင်ပြင်ပတ်လမ်းသည် ၂၅ မိုင် အရှည်ရှိပြီး ကျေးရွာ ၂၈ ရွာနှင့် လယ်ယာ စိုက်ခင်းများကို ဆက်စပ်ပေးသော လမ်းဖြစ်၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက် ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် ကချင်ပြည်နယ်အစိုးရတို့က ၃ နှစ် စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော ကွန်ကရစ်လမ်းဖြစ်ပြီး ယခု ဘဏ္ဍာနှစ်အကုန်တွင် ပြီးစီးမည်ဖြစ်သဖြင့် ဒေသ ထွက်ကုန်များ လွယ်ကူစွာ ပို့ဆောင်နိုင်တော့မည်ဖြစ်ရာ ဒေသခံတိုင်းရင်းသားများအတွက် လူမှုစီးပွား ဘဝများ ဖွံ့ဖြိုးတိုးတက်စေ၍ အကျိုးပြုမည့်လမ်း ဖြစ်ပါသည်။
၎င်းနောက် ဖန်ခိုင်(ပရဟိတ) ဘုန်းတော်ကြီးပညာသင်ကျောင်းသို့ ရောက်ရှိပြီး ကျောင်းထိုင် ဆရာတော်အား ဖူးမြော်ကြည်ညို၍ ဆရာတော်၊ သံဃာတော်များ ဆွမ်းကွမ်းအခက်မခဲမရှိစေရေးနှင့် အဆိုပါ ဘုန်းတော်ကြီးကျောင်း၌ တက်ရောက်ပညာသင်ကြားနေကြသော ကျောင်းသား၊ ကျောင်းသူများ စားသောက်မှုအဆင်ပြေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ပဲ၊ ခေါက်ဆွဲခြောက်၊ ကြက်ဥ စသည့် စားသောက် ဖွယ်ရာပစ္စည်းများနှင့် အလှူငွေများ ထောက်ပံ့လှူဒါန်းခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိရောက်စွာအထောက်အကူဖြစ်စေမည့် ပူတာအိုမြို့၊ အထက်ဆန်ခေါင်- လုံနဒမ်း- ဇီယာဒမ်းလမ်း (ဖုန်ကန်ရာဇီ ရေခဲတောင်သွားလမ်း) အရှည် ၂၄ မိုင် ၇ ဖာလုံအား နယ်စပ်ရေး ရာဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ကချင်ပြည်နယ်အစိုးရတို့ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လမ်းအဆင့်မြှင့်တင် ခြင်း လုပ်ငန်းများနှင့် အရှည် ၂၄၀ ပေ မူလာချောင်းကူးတံတား တည်ဆောက်နေမှု လုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ပါသည်။ ၎င်းနောက် ပူတာအိုမြို့၊ ပန်းလှိုင်ရပ်ကွက်ရှိ မဟာမြတ်မုနိဘုရားကြီးတွင် ဂန္ဓကုဋီ ကျောင်းဆောင်တော် တည်ဆောက်ရန် လိုအပ်မည့်အခြေအနေများအား ကြည့်ရှု၍ ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ နှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
ဆက်လက်၍ ပူတာအိုဒေသ ဝမ်းစာဖူလုံရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေ သည့် ကောင်ကထောင်ရပ်ကွက်၊ မတ်ပန်စံပြစိုက်ခင်း ဧက ၂၀ စီမံကိန်းသို့ ရောက်ရှိခဲ့ပြီး ရာသီမရွေး သီးနှံမျိုးစုံ စိုက်ပျိုးနိုင်ရေးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာနက solar စနစ်ဖြင့် ရေရရှိနိုင်ရေး ဆောင်ရွက်ပေးနေမှုနှင့် ဒေသခံတောင်သူများမှ ရာသီသီးနှံစိုက်ပျိုးနိုင်ရေးအတွက် ထွန်ယက် ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။
