ဒီဇင်ဘာလ ၃၀ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ၊ နယ်စပ်ဒေသ နှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းထွန်းညိုနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဒီဇင်ဘာလ ၂၆ ရက်နေ့ နေ့လည်ပိုင်းတွင် ပူတာအိုမြို့ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ ရောက်ရှိခဲ့ရာ ကျောင်းအုပ်မှ သင်တန်း ကျောင်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းတင်ပြခဲ့ပါသည်၊၊ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအမှာစကားပြောကြားခဲ့ပြီး ချီးမြှင့်ငွေများ၊ ကျောင်းဝတ်စုံနှင့် ကျောင်းသုံး စာရေးကိရိယာများ ပေးအပ်ကာ ကျောင်းသား၊ ကျောင်းသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးခဲ့ပြီး ကျောင်းဝန်းအတွင်းရှိ အိပ်ဆောင်၊ စားရိပ်သာနှင့် ကျောင်းသား၊ ကျောင်းသူများ ပိုမိုတိုးချဲ့ လက်ခံနိုင်ရေးအတွက် တည်ဆောက်နေသော တည်ဆောက်ရေးလုပ်ငန်း များအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အမျိုးသမီးအိမ်တွင်းမှုလုပ်ငန်း သက်မွေး ပညာသင်တန်းကျောင်းသို့ ရောက်ရှိပြီး ဝန်ထမ်းများ၊ သင်တန်းသူများနှင့် တွေ့ဆုံ၍ သင်ကြားပေးသည့် အိမ်တွင်းမှု ဘာသာရပ်များအား ကျွမ်းကျင်စွာ တတ်မြောက်စေရေးနှင့် သင်တန်းဆင်းပြီး နောက်ပိုင်း တွင်လည်း အသက်မွေးဝမ်းကြောင်းပြု ဘဝရပ်တည်နိုင်သည်အထိ ကူညီဆောင်ရွက်ပေးရေးတို့ကို ရှင်းလင်းမှာကြားခဲ့ပြီး သင်တန်းကျောင်းဝန်းအတွင်း လိုက်လံကြည်ရှုစစ်ဆေးခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပူတာအိုမြို့ရှိ ဇေယျသိဒ္ဓိပရဟိတကျောင်းတိုက်၊ ဟိုခို ဘုန်းတော်ကြီးကျောင်း ရောက်ရှိပြီး ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကြည်ညို၍ ဆရာတော်၊ သံဃာတော်များ ဆွမ်းကွမ်းအခက်မခဲမရှိစေရေးနှင့် အဆိုပါဘုန်းတော်ကြီးကျောင်း၌ တက်ရောက် ပညာသင်ကြားနေကြသော ကျောင်းသား၊ ကျောင်းသူများအတွက် စားသောက်မှု အဆင်ပြေရေး အတွက် ဆွမ်းဆန်တော်၊ ဆီ၊ ပဲ၊ ခေါက်ဆွဲခြောက်၊ ကြက်ဥ စသည့် စားသောက်ဖွယ်ရာပစ္စည်းများနှင့် အလှူငွေများ ထောက်ပံ့လှူဒါန်းခဲ့ပါသည်။
ယင်းနောက် ကျောင်းဝန်းအတွင်း နယ်စပ်ရေးရာဝန်ကြီးဌာနမှ လှူဒါန်းဆောက်လုပ်ပေးလျက် ရှိသည့် RC ၁ ထပ် ထမင်းစားဆောင် (၉၀ ပေ x ၃၀ ပေ) တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့၍ လိုအပ်သည်များ မှာကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ပူတာအိုမြို့မှ မော်တော်ယာဉ်များဖြင့် ထွက်ခွာခဲ့ရာ ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားအထူးဖွဲ့(၁) မှ တည်ဆောက်ခဲ့သည့် ကဆန်ခချောင်းကူး မဂွေဇတံတားသို့ ရောက်ရှိခဲ့ပြီး တံတားရေရှည် တည်တံ့ ခိုင်မြဲရေးအတွက် စဉ်ဆက်မပြတ် ထိန်းသိမ်းသွားကြရန်နှင့် ယခင်အသုံးပြုခဲ့သည့် ကြိုးတံတား အဟောင်းကို ဒေသအတွင်း ခရီးသွားလုပ်ငန်းများ အထောက်အကူ ဖြစ်စေရန်နှင့် ဒေသခံများ သွားလာမှု အဆင်ပြေစေရန်အတွက် စီမံဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။
ဆက်လက်၍ မဂွေဇ - ခေါင်လန်ဖူးလမ်းစီမံကိန်း မေခမြစ် အနောက်ခြမ်းလမ်းပိုင်းပေါ်၌ တောင်ကျရေတိုက်စားမှု မရှိစေရေးအတွက် ဆောင်ရွက်ထားသည့် ရေကျော်များ၊ ခရီးသွားပြည်သူများ တည်းခိုနေထိုင်ရန် တည်ဆောက် ထားရှိသည့် ယာယီတည်းခိုဆောင် အခြေအနေများအား ကြည့်ရှု စစ်ဆေးခဲ့ပြီး ပေ ၇၇၀၀ မြင့်မားသော ဆန်းလွတ်ချက်တောင်ကြား၏ ပတ်ဝန်းကျင်ရှုခင်းများအား ကြည့်ရှု၍ အနာဂတ်ကာလ ခရီးသွားလုပ်ငန်းများ တိုးတက်စေရေးနှင့် အပန်းဖြေ လာရောက်သူများ အတွက် အဆင်ပြေစိတ်ချမ်းမြေ့မှုရရှိစေရေး ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် လုပ်ငန်းများအား တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိုးရာသီ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးခဲ့သော တံတားများ ပြန်လည်တည်ဆောက်ပြီးစီးမှု၊ ခေါင်လန်ဖူးဒေသ အထိမ်းအမှတ် ရဝမ်၊ လီဆူ ရုပ်တုများ ဆောင်ရွက်ထားရှိမှုများနှင့် ရီဒမ်းကြိုးတံတား ကြံ့ခိုင်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေး ခဲ့ပြီးနောက် မော်တော်ယာဉ်ဖြင့် ဆက်လက်ထွက်ခွာခဲ့ရာ ညပိုင်းတွင် ခေါင်လန်ဖူးမြို့ သို့ ရောက်ရှိခဲ့ပြီး ဒေသခံ တိုင်းရင်းသား ပြည်သူများက ကြိုဆိုခဲ့ကြပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ခေါင်လန်ဖူး မြို့နယ် ဧည့်ရိပ်သာ ၂ ထပ်ဆောင် တည်ဆောက်နေမှုအခြေအနေ၊ မြို့တွင်းကွန်ကရစ်လမ်းများ ခင်းထားမှု အခြေအနေ၊ အထက်တန်းကျောင်း ၊ တိုးချဲ့မြို့ကွက်သစ် ဆောင်ရွက်နေရာချထားရှိမှု အခြေအနေ၊ မြို့ပတ်လမ်းအား ကျောက်ချောလမ်းအဖြစ် ဆက်လက်ဆောင်ရွက်မှု အခြေအနေ၊ ရဝမ်အမျိုးသား ဥယျာဉ်နှင့် မြို့ဘောလုံးကွင်း ဆောင်ရွက်ထားရှိမှု အခြေအနေ၊ မြို့မစျေးရှိ စျေးဆိုင် ခန်းများတွင် စျေးရောင်းချနေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့ဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုအပ်သည်များ ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ခေါင်လန်ဖူးမှ ဆရန်ဖာသို့ ဆက်သွယ် သည့် မြေသားလမ်း ဖောက်လုပ်နေမှု အခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရှေ့ဆက် လက်ဖောက်လုပ်မည့် လမ်းအူကြောင်းရွေးချယ်ခြင်းနှင့် အထန်ချောင်းအား ဖြတ်ကူးရန် တံတား နေရာလျာထားရေးအတွက် တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ခေါင်လန်ဖူးနှင့် ရီဒမ်းအကြားလမ်းပိုင်းတွင် ခေါင်လန်ဖူးမြို့ ခရီးသည်နှင့် ကုန်တင်ယာဉ်ရပ်နားကွင်းများ လျာထားသည့် မြေနေရာ၊ ရှုခင်းသာ ကြည့်ရှုဆောင် ဆောင်ရွက်မည့်နေရာ၊ လမ်းတာချဲ့ရန် ကျောက်တောင်မိုင်းခွဲဆောင်ရွက်နေမှု အခြေ အနေ၊ မြေပြိုမှုများကို ရှင်းလင်းခြင်း ဆောင်ရွက်နေမှု အခြေအနေများ၊ ထလားထော် ကျေးရွာ အဝင် ကျောက်ချော လမ်းခင်းနေမှု အခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတား အထူး အဖွဲ့(၁) မှ ဆောင်ရွက်လျက်ရှိသည့် မေခမြစ်ကူး ရီဒမ်းတံတား ၆၀၀ ပေ တည်ဆောက်မှု လုပ်ငန်းခွင်သို့ ရောက်ရှိခဲ့ပြီး တာဝန်ခံအင်ဂျင်နီယာက တံတားတည်ဆောက်မှု အခြေအနေများအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာန ၂ ခု ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရမည့် ကိစ္စရပ် များကို ရှင်းလင်း မှာကြားခဲ့ပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဇီဝဒမ်ရှိ မဂွေဇ- ခေါင်လန်ဖူးလမ်း စီမံကိန်း ရုံးသို့ ရောက်ရှိစစ်ဆေးခဲ့၍ လမ်းလုပ်ငန်းဆောင်ရွက်နေကြသည့် အင်ဂျင်နီယာများ၊ စစ်မြေပြင် အင်ဂျင်နီယာတပ်ဖွဲ့ဝင်များ၊ လမ်းလုပ်သားများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ပြီး နောင်မွန်မြို့ သို့ ဆက်လက်ထွက်ခွာခဲ့ကြောင်း သတင်းရရှိပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ ခေါင်လန်ဖူးမြို့နယ်တို့၏ ဒေသဖွံ့ဖြိုးရေးနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
video-upload