နယ်စပ်ရေးရာဝန်ကြီးဌာနရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းများ၌ သင်တန်းများဖွင့်လှစ်

နေပြည်တော်   နိုဝင်ဘာ  ၃၀
        နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း ၂၀ ကျောင်းတို့တွင် နယ်စပ်ဒေသ အပါအဝင် အလုပ်အကိုင်အခွင့်အလမ်းနည်းပါးသော ဒေသများမှ အမျိုးသမီးငယ်များအား အဆင့်မြင့် စက်ချုပ်ပညာရပ်များ သင်ကြားတတ်မြောက်စေခြင်းဖြင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ပြီး မိသားစု အပိုဝင်ငွေ ရရှိနိုင်စေရေး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် အထည်ချုပ်စက်ရုံများတွင် ဝင်ရောက် လုပ်ကိုင်နိုင်ရေးနှင့် ကိုယ်ပိုင်စက်ချုပ်ဆိုင်များ ဖွင့်လှစ်လုပ်ကိုင်နိုင်စေရေး ရည်ရွယ်၍ အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်း၊ ရိုးရာဂျပ်ခုတ်သင်တန်း၊ အခြေခံလက်ရက်ကန်းသင်တန်းများအား ယနေ့နံနက်ပိုင်းတွင် ဖွင့်လှစ်ခဲ့ရာ မွန်ပြည်နယ်မုဒုံမြို့တွင် ဝန်ကြီးချုပ်ဦးဇော်လင်းထွန်း၊ ကရင်ပြည်နယ် ဘားအံမြို့တွင် ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ တနင်္သာရီတိုင်းဒေသကြီးကော့သောင်းမြို့တွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသိန်းလင်း၊  စစ်ကိုင်းတိုင်းဒေသကြီးခန္တီးမြို့ နယ်မြေခံစစ်ဗျူဟာမှူး ဗိုလ်မှူးကြီးသက်ထူးစံတို့ တက်ရောက်ဖွင့်လှစ်ပေးပြီး ကျန်တိုင်းဒေသကြီး/ပြည်နယ်များတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ကွပ်ကဲမှု အောက်ရှိ ဦးစီးဌာနများမှ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများနှင့် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များမှ  တာဝန်ရှိသူများ အသီးသီးတက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။  
        ယနေ့ဖွင့်လှစ်သည့် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း၊ ရိုးရာဂျပ်ခုတ်သင်တန်း၊ အခြေခံလက်ရက်ကန်းသင်တန်းများသို့ သင်တန်းသူ စုစုပေါင်း ၇၈၀ ဦးတက်ရောက်၍  ၃၀.၁၁.၂၀၂၁ ရက်နေ့မှ ၃၁.၃.၂၀၂၂ ရက်နေ့ထိ ရက်သတ္တ ၁၈ ပတ်ကြာ  ဖွင့်လှစ်သွားမည်ဖြစ်ပြီး နေထိုင် စားသောက်ရေးနှင့် သင်တန်းသုံးပစ္စည်းများ အခမဲ့ထောက်ပံ့ပေးသွားမည် ဖြစ်ပါသည်။
        အမျိုးသမီးအိမ်တွင်းမှုသင်တန်းကျောင်းများတွင် ဘဏ္ဍာရေးနှစ်တစ်နှစ်လျှင် သင်တန်း နှစ်ကြိမ် ဖွင့်လှစ်ပေးလျက်ရှိရာ သင်တန်းသူ စုစုပေါင်း ၉၂၆၈၈ ဦး သင်ကြားလေ့ကျင့် မွေးထုတ်ပေးခဲ့ပြီး ဖြစ်ကြောင်း သတင်းရရှိသည်။

Post Paragraph
video-upload