
ပခုက္ကူ ဇွန် ၁၄
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပခုက္ကူမြို့၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းတွင် စားသုံးသူရေးရာ အသိပညာပေးဟောပြောပွဲကျင်းပသည်။
ဟောပြောပွဲတွင် ပခုက္ကူခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နွယ်နွယ်အေးနှင့် ဒေါ်သူဇာကျော်တို့က စားသုံးသူပြည်သူများ၏ အခွင့်အရေးနှင့်တာဝန်များ၊ ကုန်ပစ္စည်းအမျိုးအစားပေါ်မူတည်၍ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ၊အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် အွန်လိုင်းရောင်းဝယ်ခြင်းဆိုင်ရာများ၊ စားသုံးသူအကာအကွယ်ပေးရေးဥပဒေအရ ကုန်စည်နှင့်ဝန်ဆောင်မှုကို တိုက်ရိုက်သုံးစွဲသူပြည်သူအများရရှိခံစားရမည့်အကျိုးကျေးဇူးများ၊ Consumer Call Center (1535)သို့ ဆက်သွယ်၍ စားသုံးသူရေးရာနှင့်ပတ်သက်ပြီး ဆွေးနွေးမေးမြန်းခြင်း၊ တိုင်ကြားနိုင်ခြင်း စသည့်အကြောင်းအရာတို့ကို ရှင်းလင်းဟောပြောကြရာ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ပခုက္ကူခရိုင်ရုံးမှလက်ထောက်ညွှန်ကြားရေးမှူး ဦးဆန်းလင်း က ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။
အဆိုပါဟောပြောပွဲတွင် ပခုက္ကူမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးစန်းအောင်နှင့်ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြပြီး ဟောပြောမှုအပေါ် နားလည်မှတ်သားနိုင်မှုစွမ်းရည် အခြေအနေများ မေးမြန်းကာ အဖြေမှန်ရရှိသူများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခြင်း၊ စားသုံးသူရေးရာအသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

