ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)တွင် ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့၊ A.G.T.I ဒီပလိုမာ သင်တန်းအမှတ်စဉ် (၁၈) ဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော်၊ နိုဝင်ဘာ  ၂၆
    ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်)၌ ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့နှင့် A.G.T.I ဒီပလိုမာ သင်တန်း အမှတ်စဉ်(၁၈) သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားကို   ဘွဲ့နှင်းသဘင် ခန်းမအပါအဝင် ၂ နေရာခွဲခြား၍  ကိုဗစ် -၁၉ စည်းကမ်းချက်များနှင့်အညီ ကျင်းပသည်။ အခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးလှစိုး၊  ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ နယ်စပ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ အလုပ်ခန့်အပ်လွှာပေးအပ်မည့် ဝန်ကြီးဌာန ၁၇ ခုမှ ကိုယ်စားလှယ်များ၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်) ကျောင်းအုပ်ကြီး၊ ပါမောက္ခများ၊  တွဲဖက်ပါမောက္ခများ၊ ဆရာ၊ ဆရာမများနှင့်  သင်တန်းဆင်းကျောင်းသား၊ ကျောင်းသူ ၂၁၃ ဦးတို့  တက်ရောက်ကြသည်။
    ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်က သင်တန်းဆင်း ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာနအနေနှင့် နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေး၊ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်စေရေး၊ နယ်စပ်ဒေသများမှာ နေထိုင်ကြသည့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး၊ နယ်စပ်ဒေသရှိ တိုင်းရင်းသားလူမျိုးများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးစေရေးဟူ၍ မူဝါဒ ၄ ရပ်ချမှတ် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း၊ တိုင်းရင်းသားလူငယ်များ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း ၄၅ ကျောင်း၌ အခြေခံပညာရေးကို အခမဲ့သင်ကြား ပေးလျက်ရှိပြီး အခြေခံပညာ အထက်တန်းအောင်မြင်သည့် တိုင်းရင်းသားလူငယ်များကို  ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်၊စစ်ကိုင်း)တို့တွင် အဆင့်မြင့်ပညာရပ်များကို အခမဲ့သင်ကြားပေးခြင်းဖြင့် အရည်အချင်း ပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်လာအောင် လေ့ကျင့်ပြုစုပျိုးထောင် ပေးလျက် ရှိကြောင်း၊ ထို့အတူ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာ သင်တန်းကျောင်း ၉ ကျောင်း၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း ၄၆ ကျောင်းတို့ကို ဖွင့်လှစ်ပြီး အသက်မွေးဝမ်းကျောင်းပညာများ တတ်မြောက်အောင်၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိအောင်၊ လူမှုစီးပွားဘဝ တိုးတက်မြင့်မားအောင် ထောက်ပံ့ကူညီပေးလျက်ရှိကြောင်း။
    ဒီဂရီကောလိပ်(ရန်ကုန်)၏ သက်တမ်းကာလ တစ်လျှောက်တွင် ယခုအချိန်အထိ ဝိဇ္ဇာဘွဲ့ ၄၉၈ ဦး၊ သိပ္ပံဘွဲ့ ၁၂၁၃ ဦး၊ B.Tech ၁၃၅ ဦး၊ အင်ဂျင်နီယာဒီပလိုမာ ၆၅၅ ဦး၊ စုစုပေါင်း တိုင်းရင်းသားလူငယ် ၂၅၀၁ ဦးကို သင်ကြားလေ့ကျင့် မွေးထုတ်ပေးခဲ့ပြီး ကျောင်းဆင်း သင်တန်းသားများသည် နိုင်ငံ့တာဝန်ထမ်းဆောင်ရင်း ဆက်လက်လေ့လာသင်ယူခဲ့ကြရာ Ph.D ဘွဲ့ ၁၄ ဦး၊  မဟာဝိဇ္ဇာဘွဲ့ ၆၅ ဦး၊ မဟာ သိပ္ပံဘွဲ့ ၁၂၂ ဦး၊ B.Tech  ၃၂၆ ဦး၊ B.E ၃၀၁ ဦး၊ M.E ၁၅ ဦး ရရှိပြီးဖြစ်ကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်တည်ဆောက်ရန်အတွက် ငြိမ်းချမ်း ရေးသည် အထူးအရေးကြီးကြောင်း၊ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်ကြလျှင် ငြိမ်းချမ်းရေး မလွဲမသွေ ရရှိမှာဖြစ်ကြောင်း၊ တာဝန်ကျရာဝန်ကြီးဌာနအသီးသီးမှာ ဝန်ထမ်းများအဖြစ် တာဝန် ထမ်းဆောင်သည့်အခါ နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများအတိုင်း တိတိကျကျလိုက်နာ ဆောင်ရွက်သွားကြရန်၊ နိုင်ငံတော်ကြီး အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံသည့် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို  အထူးအလေးထား တည်ဆောက်သွားကြရန် တိုက်တွန်းလိုကြောင်း။
    မိမိတို့တာဝန်ကျရာဒေသများတွင် ကျန်းမာရေးအတွက် ဆောင်ပုဒ်ဖြစ်သည့်“အရက်၊ ကွမ်း၊ ဆေး ရောဂါပေး၍ ဆီ၊ ဆား၊ အချို အသက်တိုသည်၊ လမ်းလျှောက်၊လေရှု၊ ရေသောက်ခြင်း ကျန်းမာ ချမ်းသာရောဂါကင်း” ဆိုသည်ကို လိုက်နာကျင့်သုံး လက်ဆင့်ကမ်းပေးရမှာဖြစ်ကြောင်း၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ် ကျဆင်းရေးအတွက်  စိုက်ပျိုးရေးနှင့်  မွေးမြူရေး လုပ်ငန်းများကိုလည်းဒေသ၏ လိုအပ်ချက်နှင့်အညီ ပါဝင် ပူးပေါင်း စည်းရုံးဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားပါသည်။      
    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်က ဝိဇ္ဇာ ဘာသာရပ် ထူးချွန်ဆုရရှိသူနှင့် သိပ္ပံဘာသာရပ် ထူးချွန်ဆုရရှိသူတို့အားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးလှစိုးက A.G.T.I ဒီပလိုမာထူးချွန်ဆုရရှိသူအားလည်းကောင်း ထူးချွန်ဆုများပေးအပ်ချီးမြှင့်သည်။ ဆက်လက်၍ ဝန်ကြီးဌာန ၁၇ ခုတို့မှ ကိုယ်စားလှယ်များက သင်တန်းဆင်းကျောင်းသား ၂၁၃ ဦးတို့ကို အလုပ်ခန့်အပ်လွှာများပေးအပ်သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သင်တန်းဆင်းကျောင်းသား၊ ကျောင်းသူများကို ခင်မင်ရင်းနှီးစွာ နှုတ်ဆက်ပြီး ဘွဲ့နှင်းသဘင်ဧည့်ခန်း၌  ထူးချွန်ဆုရ ကျောင်းသားများကို တွေ့ဆုံ၍ ဂုဏ်ပြု အားပေးစကားပြောကြားသည်။ ဆက်လက်၍ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များသည် သင်တန်းဆင်းကျောင်းသား၊ ကျောင်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။
    ယနေ့ကျင်းပသော ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည် ဖွံ့ဖြိုးရေးဒီဂရီ ကောလိပ်(ရန်ကုန်) အမှတ်စဉ်(၁၈)သင်တန်းဆင်းပွဲတွင် ဝိဇ္ဇာဘွဲ့ ၄၇ ဦး၊ သိပ္ပံဘွဲ့ ၇၈ ဦးနှင့် A.G.T.I ဒီပလိုမာ ၈၈ ဦး၊ စုစုပေါင်း တိုင်းရင်းသားလူငယ် မောင်မယ် ၂၁၃ ဦး တက်ရောက် အောင်မြင်ခဲ့ကြောင်းသိရသည်။
    နိုဝင်ဘာလ ၂၅ ရက် ညနေပိုင်းကလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ကိုယ်စား ပြည်ထောင်စုဝန်ကြီးသည် ဧည့်သည်တော်များနှင့် သင်တန်းဆင်း ကျောင်းသား၊ကျောင်းသူများအား ဘွဲ့နှင်းသဘင်ခန်းမနှင့် စားရိပ်သာများတွင် ၃ နေရာခွဲခြား၍   ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။
 

video-upload
Post Paragraph