ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် စစ်ကိုင်းတိုင်းဒေသကြီး၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်တို့သို့ ကြည့်ရှုစစ်ဆေး

  နေပြည်တော်၊ ဇူလိုင်လ ၂၅  
   နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ အမြဲတမ်းအတွင်းဝန်နှင့်တာဝန်ရှိသူများလိုက်ပါလျက် ဇူလိုင်လ ၂၄ရက်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွာသစ်ကြီးကျေးရွာရှိ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်သို့ ရောက်ရှိခဲ့ပြီး ဖွံ့ဖြိုးရေးတက္ကသိုလ် အစည်းအဝေးခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများနှင့်တွေ့ဆုံ၍ ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များ၊ အုပ်ချုပ်ရေးနှင့် လေ့ကျင့်သင်ကြားရေးဆိုင်ရာ အခြေအနေ များနှင့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်း တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေ့လည်ပိုင်းတွင် တက္ကသိုလ်စာကြည့်တိုက်နှင့် ပြတိုက် အတွင်း ကျောင်းသား၊ ကျောင်းသူများ လေ့လာဖတ်ရှုနိုင်ရေးအတွက် စာအုပ်စာစောင်များ ဖြည့်တင်း ဆောင်ရွက်ထားရှိမှု၊ e – Library Management System ဆောင်ရွက်ထားရှိမှုနှင့်တိုင်းရင်းသား မျိုးနွယ်စုအလိုက် ခင်းကျင်းပြသထားသည့် ရိုးရာဓလေ့ အသုံးအဆောင် ပစ္စည်းများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုစိတ်ဓာတ် ရင့်သန်ခိုင်မာစေရန်နှင့် တိုင်းရင်းသားစည်းလုံး ညီညွတ်မှု ပိုမိုခိုင်မြဲစေရန်အတွက် ကျောင်းဝန်းအတွင်း ဆောင်ရွက်ထားရှိသည့် မြန်မာပြည်မြေပုံအတွင်း ပြည်နယ်/တိုင်းဒေသကြီးအလိုက် ဖွဲ့စည်းထားရှိမှု၊  တိုင်းရင်းသားမျိုးနွယ်စု ရုပ်တုများနှင့် ဒေသ အလိုက် ထင်ရှားသောနေရာများပြသရန် စီစဉ်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆက်လက် ဆောင်ရွက်မည့် အခြေအနေများအား မှာကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စာသင်ဆောင်များတွင် ဘာသာရပ်အလိုက် ကျောင်းသား၊ ကျောင်းသူများ၏ စာပေ သင်ကြားလေ့ကျင့်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ရင်းနှီး ခင်မင်စွာ နှုတ်ဆက်အားပေး၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ ယင်းနောက် ကျောင်းသား၊ ကျောင်းသူများ၏ အိပ်ဆောင်များ၊ စားရိပ်သာများနှင့် စားဖိုဆောင်များအား  လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဘွဲ့နှင်းသဘင်ခန်းမတွင် ပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊  ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ၍ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်‌ရေးဆိုင်ရာကိစ္စရပ်များ၊  တက္ကသိုလ်၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်များ၊ ပညာရေးကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ရန် လိုအပ်သည့် ကိစ္စရပ်များ၊ နိုင်ငံတော် နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိရိုသေပြီး တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်သည့် ကျန်းမာကြံ့ခိုင်သော နိုင်ငံ့သားကောင်းများ ဖြစ်လာစေရေးတို့ကို  တိုက်တွန်းမှာကြားခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသော ဆရာ၊ ဆရာမများ ၊ ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်အားပေးခဲ့ပါသည်။ 
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဖွံ့ဖြိုးရေးတက္ကသိုလ်၏ စိုက်ပျိုး မွေးမြူရေးဇုန်အတွင်းရှိ ငါးကန်များ၊ ဥစားကြက်နှင့် အသားစားကြက်ခြံများ၊ ငါးခူမွေးမြူရေး ကန်၊ ရာသီသီးနှံများ စိုက်ပျိုးထားရှိမှု၊ မွေးမြူရေးအစာစပ်စက်ရုံနှင့် အားကစားကွင်း အဆင့်မြှင့် တင်ရေး ဆောင်ရွက်မှု အခြေအနေများအား  လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်ချက်များကို ဖြည့်ဆည်းမှာကြား ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်  ဇူလိုင်လ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စု တိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(စစ်ကိုင်း)သို့ ရောက်ရှိ ၍ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျောင်းအုပ်ကြီး၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအမှာစကား ပြောကြားခဲ့ပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အားကစားကွင်း အဆင့်မြှင့်တင်မှု အခြေအနေ၊ စာကြည့်တိုက်၊ ကျောင်းသား၊ ကျောင်းသူ အိပ်ဆောင်များ၊ စားရိပ်သာများ၊ အင်ဂျင်နီယာအလုပ်ရုံ၊ အသစ်ဆောက်လုပ်လျက်ရှိသည့် ၄ ထပ် အင်ဂျင်နီယာအလုပ်ရုံ လုပ်ငန်းခွင်၊ မနုဿဗေဒပြခန်း၊ အင်္ဂလိပ်စာ Language Lab များနှင့်  ကွန်ပျူတာစာသင်ခန်းများ၊   မိုးရာသီ သစ်ပင် စိုက်ပျိုးပွဲများတွင်  စိုက်ပျိုးခဲ့သည့် အပင်များ၏ ရှင်သန်ဖြစ်ထွန်းမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြား ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။
နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ဒီဂရီကောလိပ် အစည်းအဝေးခန်းမ၌ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊  ပါမောက္ခ/ ဌာနမှူးများနှင့် တွေ့ဆုံ၍ တင်ပြချက်များအား ပြန်လည်ရှင်းလင်းဆွေးနွေးကာ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
 

Post Paragraph
video-upload