ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် တာဝန်ရှိသူများ ရသေ့တောင်မြို့နယ်သို့ ပို့ဆောင်မည့် ဘက်စုံသုံးထွန်စက်များ တပ်မတော်ကမ်းထိုးရေယာဉ်များပေါ်သို့ တင်ဆောင်နေမှုကြည့်ရှု၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

စစ်တွေ ဇွန် ၄
မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်မှုများကို အနီးကပ်ကြီးကြပ်ရန် စစ်တွေမြို့၌ ရောက်ရှိနေသည့် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်သည် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာသက်သက်ခိုင်၊ ဦးအောင်သော်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ် စိုးရအဖွဲ့ရုံး၌ ကျင်းပသည့် မုန်တိုင်းဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေးအလှူငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။
ပေးအပ်လှူဒါန်း
အခမ်းအနားတွင် မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း(ရခိုင်ဇုန်) ငပလီဟိုတယ် လုပ်ငန်းရှင်များက အလှူငွေကျပ်သိန်း ၄၀၀ ကို ပေးအပ်လှူဒါန်းရာ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာပြန်လည်ပေးအပ်၍ ပြည်နယ်ဝန်ကြီးချုပ်က ကျေးဇူးတင်စကားပြောကြားသည်။
ထို့နောက် ဒုတိယဗိုလ်ချုပ် ကြီးထွန်းထွန်းနောင်နှင့်အဖွဲ့သည် ရေချမ်းပြင်ဆိပ်ကမ်းသို့ ရောက်ရှိပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စက်မှုလယ်ယာဦးစီးဌာနက ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအတွက် အသုံးပြုရန်ပေးပို့ထား‌သည့် ဘက်စုံသုံးထွန်စက်များ အနက်မှ ထွန်စက် ၁၄ စီးကို ရသေ့တောင်မြို့နယ်သို့ ပို့ဆောင်ရန် တပ်မတော်ကမ်းထိုးရေယာဉ်များ ပေါ်သို့ တင်ဆောင်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးမျိုးသန့်၊ ဒေါက်တာသက်သက်ခိုင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့နှင့်အတူ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ကျင်းပသည့် သဘာဝဘေးပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်သည်။
အစည်းအဝေးတွင် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က အဖွင့်အမှာစကားပြောကြားပြီး လုပ်ငန်းကော်မတီအလိုက် တာဝန်ရှိသူများနှင့် ဒုတိယဝန်ကြီးများက သဘာဝဘေးပြန်လည် ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နေမှု၊ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးမျိုးသန့်၊ ဒေါက်တာ သက်သက်ခိုင်နှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့က လုပ်ငန်းများ လျင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားရမည့် ကိစ္စရပ်များကို ဖြည့်စွက်ဆွေးနွေးကြသည်။
တင်ပြ ဆွေးနွေးမှုများနှင့်စပ်လျဉ်း၍ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြည်သူများ အားဝေငှသည့်အစားအစာများကို သန့်ရှင်းပြီးကျန်းမာရေးနှင့် ညီညွတ်အောင် ဆောင်ရွက်ရန်၊ လုပ်ငန်းသုံး စက်ပစ္စည်းများ စွမ်းအားပြည့်အသုံးပြုနိုင်ရေး စီမံဆောင်ရွက်သွားရန်၊ ကူညီကယ်ဆယ် ရေးနှင့်ပြန်လည်ထူထောင်ရေးပစ္စည်းများ ရေယာဉ်/မော်တော်ယာဉ်များပေါ်သို့ တင်ဆောင်ရာတွင် အပျက်အစီး၊ အလေအလွင့်အနည်းဆုံးဖြစ်အောင် စနစ်တကျကြပ်မတ် တင်ဆောင်သွားရန်၊ ထောက်ပံ့မှု များဆောင်ရွက်ရာတွင် ဦးစားပေးအုပ်စုများ စာရင်းပြုစုသတ်မှတ်၍ ထောက်ပံ့သွားရန်၊ သဘာဝဘေး ဒဏ်ကို အကာအကွယ်ပေးသည့် ဒီရေတောနှင့် အုန်းပင်များ ပြန်လည်စိုက်ပျိုးသွားရန်မှာကြားပြီး လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ကြည့်ရှုစစ်ဆေး
ညနေပိုင်းတွင် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့်အဖွဲ့သည် စစ်တွေမြို့နယ် မှန်စီရွာ သွားလမ်းပေါ်ရှိ ယာယီဘေလီ သံပေါင်တံတားတည်ဆောက် ပြီးစီးမှုအခြေအနေကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။
မိုခါ မုန်တိုင်းဒဏ်ကြောင့် စစ်တွေမြို့ မှန်စီရွာသွားလမ်းပေါ်ရှိ အရှည်ပေ ၂၀ ကွန်ကရစ်တံတား ကမ်းကပ်ခုံကျိုးကျပျက်စီးခဲ့သဖြင့် ဒေသခံပြည်သူများ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုမရှိစေရန် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ရခိုင်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ယာယီဘေလီ သံပေါင်တံတားကို မေ ၃၀ ရက် တွင် စတင်တည်ဆောက်ခဲ့ရာ ယနေ့တွင် တည်ဆောက်ပြီးစီးဖြစ်သဖြင့် ပုံမှန်အတိုင်း ပြန်လည်သွားလာနိုင်ပြီဖြစ်ကြောင်းနှင့် ကျေးရွာငါးရွာမှ ပြည်သူများ၏ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး ကိစ္စရပ်များကို များစွာအထောက်အကူပြုမည် ဖြစ်ကြောင်း သိရသည်။ ယနေ့ညပိုင်းတွင် မြန်မာနိုင်ငံ ရုပ်ရှင်၊ သဘင်၊ ဂီတ အစည်းအရုံးတို့မှ အနုပညာရှင်များက ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများ စိတ်အပန်းပြေစေရန် စစ်တွေကမ်းခြေ၌ တေးသီချင်းများဖြင့် လာရောက်ဖျော်ဖြေကြရာ ဒေသခံပရိသတ်များ ကမ်းခြေ၌ လာရောက်အပန်းဖြေအနားယူကြသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း တွေ့ရှိရသည်။
မိုခါမုန်တိုင်းအလွန် ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူလူထုအား အထူးကုဆေးအဖွဲ့များနှင့် အရေးပေါ်တုံ့ပြန်ရေးဆေးအဖွဲ့များစေလွှတ်၍ ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိရာ မေ ၁၆ ရက်မှ ဇွန် ၃ ရက်အထိ ပြည်သူ့ဆေးရုံကြီးများ၌ ပြင်ပလူနာ ၁၀၆၁၀၊ အတွင်းလူနာ ၂၀၂၀၉ ဦးနှင့် ကျေးလက်ကျန်းမာရေးဌာန/ဌာနခွဲများတွင် ပြသသည့်လူနာ ၅၁၃၃၇ ဦးတို့ကို ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ပြီး ရေသန့်ဆေးခတ်ခြင်း ၃၉၈၅ ကြိမ်နှင့် ကျန်းမာရေးအသိပညာပေးခြင်း ၆၁၇၆ ကြိမ်တို့ကို ဆောင်ရွက်ပေးခဲ့သည်။
ကွင်းဆင်းကုသပေးခဲ့
ထို့ပြင် အထူးကုဆေးအဖွဲ့များစေလွှတ်၍ ကွင်းဆင်းကုသပေးခဲ့သည့် လူနာဦးရေမှာ ရသေ့တောင်မြို့နယ်၌ ၁၉၁ ဦး၊ ကြွီတဲ(စစ်တွေ)ကျေးရွာ၌ ၃၉၄ ဦး၊ မင်းဂံ(စစ်တွေ)ရပ်ကွက်၌ ၂၉၄ ဦး၊ သက္ကယ်ပြင်ကျေးရွာ၌ ၅၈ ဦး၊ မင်းပြားမြို့နယ်၌ ၁၁၅၀၊ ကျောက်တော်မြို့နယ်၌ ၉၆၁ ဦး၊ ပုဏ္ဏားကျွန်းမြို့နယ်၌ ၂၇၅ ဦး၊ ပေါက်တောမြို့နယ်၌ ၃၇၁ ဦး၊ မာန်အောင်မြို့နယ်၌ ၈၄၈ ဦး၊ ဘူးသီးတောင်မြို့နယ်၌ ၁၉၀ နှင့် မောင်တောမြို့နယ်၌ ၅၃၃ ဦး စုစုပေါင်း ၅၂၆၅ ဦး ဖြစ်ကြောင်း သိရသည်။
ရာနှုန်းပြည့်ပြီးစီး
ရခိုင်ပြည်နယ်အတွင်း မိုခါ မုန်တိုင်းဒဏ်ကြောင့် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ ထိန်းသိမ်းထားရှိသည့် ရေငန်တားတာ ၃၂ ခုအနက် ခြံပြင်တာ(မောင်တော)၊ ကုလားပုန်းကျွန်းပတ်တာ(မြောက်ဦး)၊ ငမန်းရဲကျွန်းတာ အပိုင်း ၁ နှင့် အပိုင်း ၂ (မြေပုံ)တို့မှာ ကျိုးပေါက် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သဖြင့် အဆိုပါ ရေငန်တားတာလေးခုကို စိုက်ပျိုးရာသီမတိုင်မီ ပြီးစီးရေး အတွက် စက်ယန္တရားများ အသုံးပြုကာ မေ ၂၁ ရက်မှ စတင်၍ ပြုပြင်ဆောင်ရွက်ခဲ့ရာ ဇွန် ၂ ရက် တွင် လုပ်ငန်းများအားလုံး ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်းနှင့် အဆိုပါရေငန်တားတာများ ကျိုးပေါက်မှုကို စိုက်ပျိုးရာသီ မတိုင်မီ အချိန်မီပြီးစီးအောင် ဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် ယင်းတာများ၏ ရေဘေး ကာကွယ် ဧရိယာ ၁၇၇၀၆ ဧကအတွင်း စိုက်ပျိုးရန်လျာထားသည့် မိုးစပါး ဧကနှင့် အခြားသီးနှံများ အောင်မြင်စွာ စိုက်ပျိုးနိုင်မည်ဖြစ်ပြီး ဒေသခံတောင်သူများ၏ လူမှုစီးပွားဘဝတိုးတက်ရေးကို များစွာ အထောက်အကူပြုစေမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
 

Post Paragraph
video-upload