
ဧပြီလ ၈ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် သည် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းထွန်းညို နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ နေ့လည်ပိုင်းတွင် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်) သို့ ရောက်ရှိခဲ့ပြီး ကျောင်းအုပ်ကြီးမှ ကျောင်းပိုင်းဆိုင်ရာ အချက်အလက်များ၊ ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် အသင့်ဖြစ်စေနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများအား အသေးစိတ် ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီး က လိုအပ်သည် များ မှာကြား ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး သည် ကျောင်းဝန်းအတွင်းရှိ တည်ဆောက်ရေး လုပ်ငန်းများ၊ စာသင် ခန်းမများ၊ အိပ်ဆောင်များနှင့် စားရိပ်သာများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး သည် ဒီဂရီကောလိပ်နှင့် ဗဟိုလေ့ကျင့်ရေးကျောင်း တို့မှ ဆရာ/ဆရာမများနှင့် ဝန်ထမ်းများအား တွေ့ဆုံ၍ အမှာစကား ပြောကြားရာတွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၊ သင်တန်းကျောင်းများ၊ သက်မွေး ပညာ သင်တန်းကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များ နှင့်အညီ အဆင်သင့် ဖြစ်စေရေးအတွက် သင်တန်းခန်းမများ၊ အိပ်ဆောင်၊ စားရိပ်သာ များကို စနစ်တကျ ပြင်ဆင်ထားကြရန်၊ လိုအပ်သော သင်ထောက်ကူပစ္စည်းများကို ဖြည့်ဆည်း ဆောင်ရွက်ထားကြရန်၊ လေ့ကျင့် သင်ကြားပေးမည့် နည်းပြများအနေဖြင့် စာပေဘာသာရပ်များ သင်ကြားရေးအပြင် စိတ်ပိုင်း ဆိုင်ရာ ယုံကြည်ချက်၊ ခံယူချက်များ မြင့်မားစေရေးအတွက် ပြုစုပျိုးထောင်ရန်၊ နည်းပြများ အနေဖြင့် စွမ်းဆောင်ရည်မြင့်မားရေးအတွက် စဉ်ဆက်မပြတ်သည့် လေ့ကျင့် သင်ကြားမှုများ ဆောင်ရွက်သွားရန်၊ ဆရာ/ဆရာမများ၊ ဝန်ထမ်းများ အနေဖြင့် နိုင်ငံ့ဝန်ထမ်း ဥပဒေနှင့်အညီ ထားရှိအပ်သည့် နိုင်ငံ့ဝန်ထမ်း ဂုဏ်သိက္ခာဖြင့် နိုင်ငံတော်အပေါ် သစ္စာရှိရှိ တာဝန် ကျေပွန်စွာ ဆောင်ရွက်ကြရန် မှာကြားခဲ့ပြီး ဆရာ/ဆရာမ များနှင့် ဝန်ထမ်းများအား ထောက်ပံ့ငွေများနှင့် တူညီဝတ်စုံများအား ပေးအပ်ခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ ဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းသို့ ရောက်ရှိပြီး သင်တန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး အတွက် ပြင်ဆင်ဆောင်ရွက်ထားမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ရန်ကုန်အရှေ့ပိုင်းခရိုင် ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးသို့ ရောက်ရှိရာ ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးက ခရိုင်ရုံး သိုလှောင်ရုံတွင် ထိန်းသိမ်း ထားရှိသော ယာဉ်ယန္တရားကြီးများ၏ ကောင်းမွန်စွာ အသုံးပြုနိုင်မှုနှင့် ကြံ့ခိုင်မှု ထိန်းသိမ်း ဆောင်ရွက်ထားရှိသည့် အခြေအနေများ၊ သိုလှောင်ထားရှိသည့် ဖွံ့ဖြိုးရေး ဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်းများ၏ အခြေအနေများကို ရှင်းလင်း တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီး က ယာဉ်ယန္တရားများ အမြဲတမ်းအသုံးပြုနိုင်ရေး၊ အသင့်အနေထား ရှိစေရေး၊ ကြံ့ခိုင်မှု ပုံမှန် ပြုလုပ်ရေး၊ ပြင်ဆင်ရန်လိုအပ်သည်များကိုလည်း ချက်ချင်း ပြုပြင်ရန်နှင့် လိုအပ်ချက်ရှိပါက အချိန်နှင့် တပြေးညီ တင်ပြသွားရန်၊ သိုလှောင်ရုံရှိ ထောက်ပံ့ရေးပစ္စည်းများ အလေအလွင့် မရှိစေရေး၊ စာရင်းဇယားများ မှန်ကန် စနစ်တကျ ရှိစေရေး၊ မီးဘေးလုံခြုံရေး အပါအဝင် လုံခြုံမှု အပြည့်အဝ ရရှိစေရေး စီမံဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး ယာဉ်ယန္တရားကြီးများ၏ ကြံ့ခိုင်မှု အခြေအနေကို လှည့်လည်ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များ မှာကြား ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။