နေပြည်တော် ဇန်နဝါရီ ၂၆
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၊ အစားထိုးဖွံ့ဖြိုးမှု အကောင်အထည် ဖော်ရေးစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၄)ကို ယနေ့နံနက်ပိုင်းတွင်နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ အစားထိုးဖွံ့ဖြိုးမှုအကောင်အထည်ဖော်ရေး စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ အဖွဲ့ဝင်ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ ဒုတိယညွှန်ကြားရေးမှူးချုပ်များ နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီး အဖွဲ့တို့မှ ကိုယ်စားလှယ်များက Zoom Application Online System ဖြင့် တက်ရောက်ကြပါသည်။
ရှေးဦးစွာ အစားထိုးဖွံ့ဖြိုးမှု အကောင်အထည် ဖော်ရေးစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌက အစားထိုးအဖွဲ့အနေဖြင့် ဘိန်းစိုက်ပျိုးမှုရှိနေသည့် မြို့နယ် ၅၅ မြို့နယ်တွင် ဆောင်ရွက်လျက်ရှိသည့် အစားထိုး ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံး/ဆီဆိုင်မြို့နယ် (မဲနယ်တောင်ကြောနှင့် ပွန်ချောင်းကြား) ဒေသတွင်ဆောင်ရွက်မည့် ဒုတိယအကြိမ်ရှေ့ပြေး စီမံကိန်းလုပ်ငန်းများအား ထိရောက်အောင်မြင်စွာ ဆောင်ရွက်သွားကြရန်၊ မြန်မာနိုင်ငံအတွင်း ဘိန်းစိုက်ပျိုးသည့် ဒေသများတွင်အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပေးခြင်းသည် ဒေသခံများ၏ အခြေခံလိုအပ်ချက်များကို နိုင်ငံတော်ရန်ပုံငွေများ အကုန်ကျခံ၍ ဆောင်ရွက်နေခြင်းဖြစ်၍ အမှန်တကယ်အရေးပါသည့် လုပ်ငန်းလိုအပ်ချက်ဖြစ်ပြီး ဒေသခံများ၏ ပူးပေါင်း ဆောင်ရွက်မှုတို့ဖြင့် အရှိန်အဟုန်မြှင့် ဟန်ချက်ညီညီဆောင်ရွက်သွားရန် နှင့် အစားထိုးဖွံ့ဖြိုးမှုအကောင်အထည်ဖော်ရေး စီမံခန့်ခွဲမှုအဖွဲ့ဝင်ဦးစီးဌာနများအနေဖြင့် ဒုတိယအကြိမ်ရှေ့ပြေးစီမံကိန်းလုပ်ငန်းများအား ထိရောက် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် အမျိုးသားရေးအမြင်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် တွေးခေါ် ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားပါသည်။
ထို့နောက်အစားထိုးဖွံ့ဖြိုးမှုအကောင်အထည်ဖော်ရေးစီမံခန့်ခွဲမှုအဖွဲ့အတွင်းရေးမှူး၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းထွန်းညိုက ၂၀၂၃ ခုနှစ်အတွင်း အဖွဲ့ဝင်ဦးစီးဌာနများ၏ လုပ်ငန်းဆောင်ရွက်ခဲ့မှုအခြေအနေများ၊ ဒုတိယအကြိမ် ရှေ့ပြေးစီမံကိန်းနှင့်စပ်လျဉ်း၍ ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ရမည့် အခြေအနေများအား ရှင်းလင်း ပြောကြားပါသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့် သုံးသပ်အကြံပြုချက်များကို ကဏ္ဍအလိုက်ရှင်းလင်း ဆွေးနွေးတင်ပြကြရာ အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေး စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌက ရှင်းလင်း တင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။