အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ကျိုင်းတုံ)၌ အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၁၀) သင်တန်းဆင်းပွဲပြုလုပ်

နေပြည်တော်  မတ်  ၂၆
    ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန၊အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ကျိုင်းတုံ)၌ အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၁၀) သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ သင်တန်းကျောင်းရှိ အိမ်တွင်းမှုခန်းမ၌ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် စိုးမြတ်ထွဋ် နှင့်အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း ကျောင်းအုပ်ကြီး နှင့် တာဝန်ရှိသူများ၊ သင်တန်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
    ဦးစွာ တိုင်းမှူးက သင်တန်းဆင်းအမှာစကားပြောကြားသည်။ ထို့နောက် ကျောင်းအုပ်ကြီး က တိုင်းမှူးနှင့် တက်ရောက်လာကြသူများအား ကျောင်းသမိုင်း၊ သင်တန်းဆိုင်ရာအချက်အလက် များနှင့် သင်ကြားပို့ချခဲ့သည့် သင်ခန်းစာများအား ရှင်းလင်းတင်ပြသည်။ ယင်းနောက် တိုင်းမှူး နှင့် တာဝန်ရှိသူများက သင်တန်းကျောင်းအတွက် ချီးမြှင့်ငွေများ၊ သင်တန်းထူးချွန်ဆုများနှင့် သင်တန်း ဆင်းလက်မှတ်များအား ပေးအပ်ရာ ထူးချွန်ဆုရရှိကြသူများနှင့် တာဝန်ရှိသူအသီးသီး က လက်ခံရယူကြပြီး သင်တန်းသားများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
    ၎င်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ခန်းမအတွင်း ခင်းကျင်းပြသထားသည့် သင်တန်းသူများ၏ စက်မှုလက်မှုလက်ရာများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်း ရရှိသည်။ 

Post Paragraph