
နေပြည်တော် ဩဂုတ်လ ၂၃
သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်စေရန်နှင့် ရာသီဥတုကို အထောက်အကူဖြစ်စေရန်၊ အရိပ်အာဝါသရရှိစေရန်၊ နိုင်ငံ့စီးပွားရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ဗဟိုလေ့ကျင့်ရေးကျောင်း၏ ၂၀၂၃ခုနှစ် တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းဝင်းအတွင်းရှိ သတ်မှတ်နေရာ၌ ကျင်းပသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲသို့ ဗဟိုလေ့ကျင့်ရေးကျောင်း ကျောင်းအုပ်ကြီးနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပြီး သတ်မှတ်နေရာများ၌ ပျိုးပင်များကို တပျော်တပါး စိုက်ပျိုးကြသည်။
ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ဗဟိုလေ့ကျင့်ရေးကျောင်းအနေဖြင့် ယခုနှစ်တွင် နှစ်ရှည်သီးနှံ ပင်များဖြစ်သော ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက် စသည့် ပျိုးပင်ပေါင်း ၂၀၀ ကျော်ကို စုပေါင်း စိုက်ပျိုးခဲ့ကြောင်း သိရသည်။



