နေပြည်တော် ဇွန် ၂၅
“ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲနှင့် ဖက်ဒရယ်စနစ်တို့ ပေါင်းစည်းခြင်းမှ အေးချမ်းသာယာ ဝပြောသည့် နိုင်ငံတော်သစ်ဆီသို့” သုံးသပ်ဆွေးနွေးပွဲ ငြိမ်းချမ်းရေး ဖိုရမ် - Peace Forum 2025 ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်ခန်းမ၌ ကျင်းပသည်။
ငြိမ်းချမ်းရေးဖိုရမ်သို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ တပ်မတော်အငြိမ်းစား အရာရှိကြီးများ၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) မှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ NCA လက်မှတ်ရေးထိုးထားခြင်း မရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်သူများ၊ ပါဝင်သင့် ပါဝင်ထိုက်သူများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်များမှ ပါမောက္ခများ၊ အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော ပြည်တွင်း အဖွဲ့အစည်းများ၊ အသင်းအဖွဲ့ ကိုယ်စားလှယ်များ၊ မီဒီယာများနှင့် လေ့လာသူများ စုစုပေါင်း ၂၅၉ ဦး တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်၏ ပကတိအခြေအနေကို သိမြင်ပြီး နိုင်ငံသားအားလုံးက မိမိတို့နိုင်ငံတည်ဆောက်ရေးတွင် တစ်တပ်တစ်အားပါဝင်၍ တွေ့ကြုံလာသည့် အခက်အခဲများကိုလည်း နိုင်ငံသားအချင်းချင်း ညှိနှိုင်းတိုင်ပင် ဆွေးနွေးပြီး ဖြစ်သင့်ဖြစ်ထိုက်သည်များကို ပေါင်းစပ်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့အချင်းချင်း အမြင်တူသည်များကို စုပေါင်းလုပ်ဆောင်၍ အမြင်မတူသည်များကို ညှိနှိုင်းဖြေရှင်း ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ အကျိုးစီးပွားကို ဘုံရည်မှန်းချက်အဖြစ် ထားရှိဆောင်ရွက်ရေးသည် အလွန်အရေးကြီးကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် အရေးပါသော အကြံဉာဏ်များနှင့် အကူအညီများ ပေးနိုင်သည့် နိုင်ငံတကာမှ မိတ်ဆွေများ ပူးပေါင်းပါဝင်လာရေးသည်လည်း ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ကြီးမားသည့် အထောက်အပံ့တစ်ခုဖြစ်ကြောင်း၊ ယခုနှစ်ကုန်တွင် ကျင်းပမည့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ် အောင်မြင်စွာ ကျင်းပနိုင်ရေး၊ ရွေးကောက်ပွဲ မတိုင်မီနှင့် ရွေးကောက်ပွဲအလွန် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်နိုင်ရေးအတွက် အပြန်အလှန်ယုံကြည်မှုများ တည်ဆောက်ပြီး လက်တွေ့ကျသည့် နည်းဗျူဟာများကို ဖိုရမ်တွင် ဖော်ထုတ်နိုင်ကြမည်ဟု ယုံကြည်ထားသည့် အပြင် တန်ဖိုးမဖြတ်နိုင်သည့် အကြံဉာဏ်ကောင်းများ ထွက်ပေါ်လာလိမ့်မည်ဟု ယုံကြည် မျှော်လင့်ကြောင်း၊ ငြိမ်းချမ်းရေးဖိုရမ်၏ ဆောင်ပုဒ်ဖြစ်သည့် “ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ပေါင်းစည်းခြင်းမှ အေးချမ်းသာယာဝပြောသည့် နိုင်ငံတော်သစ်ဆီသို့” နှင့်အညီ ငြိမ်းချမ်းရေး တည်ဆောက်မှုနှင့် လွတ်လပ်၍ တရားမျှတသော ပွင့်လင်းမြင်သာသည့် ရွေးကောက်ပွဲများမှတစ်ဆင့် စည်းလုံးညီညွတ်ပြီး ဖွံ့ဖြိုးတိုးတက်သည့် မြန်မာနိုင်ငံတော် တည်ဆောက်ရန်အတွက် လိုအပ်သော အခြေခံအုတ်မြစ်များ ခိုင်မာလာစေရေးတို့အတွက် မည်ကဲ့သို့ဆောင်ရွက်သင့်သည်များကို လေ့လာဆန်းစစ်ပြီး ပြည်သူကိုဗဟိုပြုသော ခိုင်မာသည့် လမ်းကြောင်းများကို ဖော်ထုတ်ကြရမည်ဖြစ်ကြောင်း၊ ထို့ပြင် Peace Forum မှတစ်ဆင့် ရည်ရွယ်ချက် ၄ ရပ်ဖြစ်သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို မြှင့်တင်နိုင်ရန်၊ ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တည်ဆောက်ရန်၊ လူသားချင်းစာနာမှု အကူအညီများနှင့် လူမှုစီးပွားဘဝ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်၊ နိုင်ငံတော်တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်နိုင်ရန်တို့အတွက် ထပ်ဆင့်အကျိုး ဖြစ်ထွန်းစေရန်လည်း မျှော်လင့်ပါကြောင်း၊ မိမိတို့နိုင်ငံ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ၊ ခြိမ်းခြောက်မှုများကို ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် စုပေါင်းအဖြေရှာ ဖော်ထုတ်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့၏ဆန္ဒ၊ အကျိုးစီးပွားထက် ပြည်ထောင်စုနှင့် တိုင်းရင်းသားပြည်သူများ အားလုံး၏အကျိုးစီးပွားကို ရှေးရှု၍ စိတ်ရင်းစေတနာမှန်ကန်စွာ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းနှိုးဆော်ကြောင်း ပြောကြားသည်။
ထို့နောက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်က ငြိမ်းချမ်းရေးဖိုရမ် - Peace Forum 2025 ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် အစီအစဉ်များအား ရှင်းလင်းပြောကြားသည်။
ယင်းနောက် နိုင်ငံခြားဧည့်သည်တော် ပညာရှင်များဖြစ်ကြသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အာရှရေးရာ အထူးကိုယ်စားလှယ် Mr. Deng Xijun ၊ အိန္ဒိယနိုင်ငံမှ သံအမတ်ကြီး (ငြိမ်း) Mr. Jaideep Mazumdar၊ ထိုင်းနိုင်ငံမှ ဒုတိယနိုင်ငံခြားရေးဝန်ကြီး (ငြိမ်း) Mr. Sihasak Phuangketkeo ၊ ရုရှားနိုင်ငံမှ Professor Aleksandr Gelyevich Dugin တို့က ငြိမ်းချမ်းရေးဖိုရမ်နှင့် ပတ်သက်၍ အမှာစကားများ ပြောကြားကြသည်။ ဆက်လက်ပြီး နိုင်ငံခြား ဧည့်သည်တော် ပညာရှင်ရှစ်ဦးက “ရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲအလွန် ငြိမ်းချမ်းရေး တည်ဆောက်မှုဆိုင်ရာ အခွင့်အလမ်းများ” ၊ “ပဋိပက္ခအပြီး ပြန်လည်တည်ဆောက်ရေးနှင့် သဘာဝဘေးအန္တရာယ် ပြန်လည်ထူထောင်ရေးဆိုင်ရာတို့နှင့် ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းရမည့် လုပ်ငန်းစဉ်များ” ခေါင်းစဉ်တို့ဖြင့် ဦးဆောင်ဆွေးနွေးပြီး တက်ရောက်လာသူ ကိုယ်စားလှယ် အသီးသီးက ဆွေးနွေးမေးမြန်းခြင်း၊ အကြံပြုခြင်းများ ပြုလုပ်ကြကာ ဦးဆောင်ဆွေးနွေးသူများက မေးမြန်းချက်များအပေါ် ပြန်လည်ရှင်းလင်း ဆွေးနွေးသည်။
ငြိမ်းချမ်းရေးဖိုရမ်မှ ရရှိလာမည့် အပြုသဘောဆောင်သော အမြင်သဘောထားများ၊ အကြံပြုချက်များကို သိရှိနားလည်ပြီး ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲနှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်ဆောင်ရွက်သင့်သည်များကို ဆက်လက်ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။