နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီ ကောလိပ် (စစ်ကိုင်း) A.G.T.I ဒီပလိုမာသင်တန်းအမှတ်စဉ် (၁၈) သင်တန်း ဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားတက်ရောက်

မေလ  ၂၆   ရက်
    စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ အုန်းတောကျေးရွာရှိ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်း) A.G.T.I ဒီပလိုမာသင်တန်းအမှတ်စဉ် (၁၈) သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါ ဒီဂရီကောလိပ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
    အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အလုပ်တာဝန်ပေးခန့်အပ်မည့် ဝန်ကြီးဌာန ၆ ခုမှ ကိုယ်စားလှယ်များ၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (စစ်ကိုင်း) ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ/ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏ မိသားစုဝင်များ တက်ရောက်ခဲ့ကြပါသည်။
    ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသများဖွံ့ဖြိုးရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများကို မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များချမှတ်၍ ထိရောက်အောင်မြင်စွာ ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နယ်စပ်ဒေသများရှိ တိုင်းရင်းသားလူငယ်များအား ၎င်းတို့၏ နယ်စပ်ဒေသများ၌ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို နိုင်ငံ့ဝန်ထမ်းကောင်းများအဖြစ် ထိထိရောက်ရောက် ပါဝင်ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည် ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်း) ကိုစတင်ဖွင့်လှစ်သည့်အချိန်မှ ယနေ့အထိ ဝိဇ္ဇာဘွဲ့ ၅၆၀ ဦး၊ သိပ္ပံဘွဲ့ ၉၈၁ ဦး၊ B.Tech ဘွဲ့ ၁၃၉ ဦး၊ အင်ဂျင်နီယာ ဒီပလိုမာ ၈၅၈ ဦး စုစုပေါင်း ၂၅၃၈ ဦးတို့ကို ပြုစုပျိုးထောင်မွေးထုတ်ပေးနိုင်ခဲ့ပြီး ၎င်းတို့အနက် သက်ဆိုင်ရာဝန်ကြီးဌာနများမှ အားပေးထောက်ပံ့ လေ့ကျင့်သင်ကြားပေးမှု၊ ကျောင်းသား၊ ကျောင်းသူများ၏ စဉ်ဆက်မပြတ် ကြိုးစားအားထုတ်လေ့လာမှုများကြောင့် ယခုအခါ မဟာဝိဇ္ဇာဘွဲ့ ၁၁၁ ဦး၊ မဟာသိပ္ပံဘွဲ့ ၂၁၆ ဦး၊ Ph.D ဘွဲ့ ၃၂ ဦး၊ B.E ဘွဲ့ ၆၂၅ ဦး၊ M.E ဘွဲ့ ၃၄ ဦး၊ B.Tech ဘွဲ့ ၂၀၇ ဦး ရရှိပြီး ဆက်လက် လေ့လာသင်ယူဆဲ ကျောင်းသား၊ ကျောင်းသူများလည်းရှိနေကြောင်း သိရှိရသည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် ကျောင်းဆင်း ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အတုယူ ကြိုးစားအားထုတ်သွားကြရန်၊ သင်တန်းဆင်း မောင်တို့ မယ်တို့အနေဖြင့် နိုင်ငံ့ဝန်ထမ်းများအဖြစ် နယ်စပ်ဒေသအသီးသီးတွင် တာဝန်ထမ်းဆောင်ကြရာ၌ မူလလုပ်ငန်း တာဝန်များအပြင် ဒေသခံ တိုင်းရင်းသားလူများ၏ စာပေ၊ ရိုးရာ၊ဓလေ့ထုံးစံ အမွေအနှစ်များကို လေးစားလိုက်နာကာ အစဉ်မြတ်နိုးစွာဖြင့် ဝိုင်းဝန်းထိန်းသိမ်း ကာကွယ်စောင့်ရှောက်သွားကြရန်၊ မိမိတို့ တတ်မြောက်ထားရှိသည့် အသိပညာ၊ အတတ်ပညာများဖြင့် မိမိတာဝန်ကျရာဒေသ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဒေသခံတိုင်းရင်းသား ပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားကြရန်၊ မိမိတို့ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင်လည်း လေ့လာသင်ယူတတ်မြောက်ခဲ့သည့် အင်ဂျင်နီယာ ပညာရပ်များကို လက်တွေ့မြေပြင် အနေအထားပေါ်မူတည်ပြီး ပေါင်းစပ်၊ နှိုင်းယှဉ်သုံးသပ်၍ အစွမ်းကုန်ကြိုးစားဆောင်ရွက်သွားကြရန်နှင့်  နိုင်ငံတော်နှင့် ပြည်သူတို့၏ အားကိုးအားထားပြုရမည့် နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်အောင် အမြဲနှလုံးသွင်း ကြိုးစားကျင့်ကြံ ဆောင်ရွက်သွားကြ ရန် တိုက်တွန်းမှာကြားခဲ့ပါသည်။
    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အင်ဂျင်နီယာဘာသာရပ် ထူးချွန်ဆုရရှိသူ ကျောင်းသား/ ကျောင်းသူအား ထူးချွန်ဆုပေးအပ်ချီးမြှင့်ခဲ့ပြီး ဝန်ကြီးဌာန ၆ ခုတို့မှ ကိုယ်စားလှယ်များက သင်တန်းဆင်းကျောင်းသား၊ ကျောင်းသူ ၉၃ ဦးတို့ကို အလုပ်ခန့်အပ်လွှာများ ပေးအပ်ခဲ့ပါသည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က အခမ်းအနား သို့ တက်ရောက်လာကြသော ဧည့်သည်တော်များ၊ ဆရာ၊ ဆရာမများ၊ သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏ မိသားစုဝင်များအား ခင်မင်ရင်းနှီးစွာ နှုတ်ဆက်ခဲ့ကြပြီး  ထူးချွန်ဆုရ ကျောင်းသားနှင့် ၎င်း၏ မိဘများအားတွေ့ဆုံဂုဏ်ပြုအားပေးစကား ပြောကြားခဲ့ပြီး သင်တန်းဆင်း‌ ကျောင်းသား၊ ကျောင်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။ 
    နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒီဂရီကောလိပ် အစည်းအဝေးခန်းမ၌ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ပါမောက္ခ/ ဌာနမှူးများနှင့် တွေ့ဆုံ၍ ကျောင်းအုပ်ကြီး က ဒီဂရီကောလိပ်၏ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး၊ သင်ကြားရေး၊ စိုက်ပျိုးမွေးမြူရေး၊ ရေမီးရရှိမှု အခြေအနေများ၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ့် ခွင့်ပြုငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် တည်ဆောက်ရေး လုပ်ငန်းများနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ့် ခွင့်ပြုငွေဖြင့် ဆောင်ရွက်မည့် တည်ဆောက်ရေး လုပ်ငန်းဆိုင်ရာ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
    ဆက်လက်၍ ဒီဂရီကောလိပ်အတွင်းရှိ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုပြခန်း၊ ကျောင်းသား၊ ကျောင်းသူ အိပ်ဆောင်များ၊ စားရိပ်သာများ၊ လေးထပ်အင်ဂျင်နီယာ အလုပ်ရုံတွင် ကျောင်းသား၊ ကျောင်းသူများ၏ လက်တွေ့ဆောင်ရွက်နေမှုများ၊ ငါးခူမွေးမြူရေး ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် အားကစားကွင်း အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်ထားရှိမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ကာ လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။ 
    ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများအား ဘွဲ့နှင်းသဘင်ခန်းမ၌ ဂုဏ်ပြုညစာ စားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ၏ ဖျော်ဖြေရေးအစီအစဉ်များကို ကြည့်ရှုအားပေး၍ ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ကြကြောင်းသတင်းရရှိပါသည်။
 

Post Paragraph
video-upload