သထုံ ဇူလိုင် ၆
မွန်ပြည်နယ် သထုံမြို့နယ်၌ သထုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနနှင့် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ဇူလိုင်လ ၅ ရက်က သထုံမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ သထုံခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီတာငြိမ်း က လေထုညစ်ညမ်းမှုနှင့်မီးခိုးမြူငွေ့ညစ်ညမ်းမှု ဖြစ်ပေါ်ရသည့်အကြောင်းရင်းများ၊ အမှိုက်အမျိုးအစား ခွဲခြားစွန့်ပစ်ရခြင်း၏ရည်ရွယ်ချက်၊ အမှိုက်အမျိုးအစားလေးမျိုးခွဲခြားမှု၊ သတ်မှတ်အမှိုက်ပုံးအရောင်များ အလိုက် စနစ်တကျခွဲခြားစွန့်ပစ်ခြင်းတို့ကို ဟောပြောသည်။
ယင်းနောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဋ္ဌေးက ကျောင်းသား၊ကျောင်းသူများ စာအုပ်စာပေများ လေ့လာဖတ်ရှုကြရန်နှင့် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ဆွေးနွေးပြောကြားသည်။ ထို့နောက် မြို့နယ်စာရေးဆရာများ အသင်းဥက္ကဋ္ဌ စာရေးဆရာ ရွှေထုံခင်သီတာလှိုင် က လူငယ်များအကျင့်စာရိတ္တ ကောင်းမွန်ရေး၊ ယဉ်ကျေးလိမ္မာရေးစသည့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို အသိပညာပေး ဟောပြောသည်။
အဆိုပါအခမ်းအနားသို့ သထုံခရိုင်ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းဆွေ၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးလောင်းထန် နှင့် ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။ ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်းသိရသည်။