နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့် ကရင်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများ သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော်  ဇူလိုင်လ ၂၅  ရက်

          နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်သည် ကရင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဇူလိုင်လ ၂၄ ရက်နေ့ နေ့လည်ပိုင်းတွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူအမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းသို့ ရောက်ရှိခဲ့ရာ ကျောင်းအုပ်က သင်တန်း ကျောင်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းတင်ပြမှုအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

          ထို့နောက် ဒုတိယဝန်ကြီးသည် ကျောင်းအုပ်၊ ဒုတိယကျောင်းအုပ်၊ ဝန်ထမ်းများ၊ နည်းပြများ၊ သင်တန်းသူများအား တွေ့ဆုံအမှာစကား ပြောကြားရာ၌ နယ်စပ်ရေးရာဝန်ကြီးဌာန၏ မူဝါဒ ၄ ရပ် ဖြစ်သည့် နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေး၊ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်စေရေး၊ နယ်စပ်ဒေသနေ တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးနှင့် နယ်စပ် ဒေသနေ တိုင်းရင်းသားလူငယ်များ၏လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်‌စေရေး  အတွက် မူဝါဒ၊ လုပ်ငန်းစဉ်များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဝန်ထမ်းများ အနေဖြင့်လည်း နိုင်ငံတော်နှင့် ပြည်သူလူထုအပေါ် သစ္စာစောင့်သိရန် လိုအပ်ကြောင်း၊ စာကြည့် တိုက်တွင် လစဉ်စာအုပ်များ ဝယ်ယူဖြည့်တင်းပြီး ဝန်ထမ်းများ၊ သင်တန်းသူများ စာဖတ်တတ် သည့် အလေ့အကျင့်ကောင်းများရှိအောင် ပြုစုပျိုးထောင်ပေးရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ သင်တန်းသူ များအနေဖြင့် လေ့ကျင့်သင်ကြား ပေးလျက်ရှိသည့် ပညာရပ်များကို ကြိုးစားလေ့လာ သင်ယူသွား ကြရန်နှင့် ကိုယ်ပိုင်အသက်မွေးဝမ်းကျောင်းနိုင်သည်အထိ အပတ်တကုတ် လေ့လာသင်ယူသွားကြ ရန် မှာကြားခဲ့ပြီး ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကာ ကျောင်းဝင်းအတွင်းရှိ အိပ်ဆောင်၊ စားရိပ်သာ၊ စာကြည့်တိုက်နှင့် သင်တန်းခန်းမတွင် သင်တန်းသူများ၏ လက်တွေ့လေ့ကျင့် သင်ကြားနေမှုများ အား လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

          ၎င်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု) ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော လှိုင်းဘွဲမြို့နယ်၊ ရင်းဘိုင်း၊ ကူးဆိပ်-ငှက်ပျောတော-ထီးစထ-ရှမ်းရွာသစ်လမ်း ၉ မိုင်၂ ဖာလုံ အနက် ၃ မိုင် ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းခွင်သို့ ရောက်ရှိစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် ဒုတိယ ဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ပေးခဲ့ပါသည်။ ဆက်လက်၍ မြိုင်ကြီးငူနန်းဦးဘေးမဲ့ တောရ ကျောင်းတိုက်၏ ဦးစီးပဓာနနာယက ဒုတိယမြိုင်ကြီးငူ ဆရာတော် ဘဒ္ဒန္တဉာဏိကအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ 

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဘားအံမြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသား လူငယ် များ စက်မှုလက်မှုပညာ သင်တန်းကျောင်းသို့ ရောက်ရှိပြီး ဆောက်လုပ်ရေးသင်တန်း၊ လျှပ်စစ် သင်တန်း၊  ဂဟေသင်တန်း၊  မော်တော်ယာဉ်စက်ပြင် (EFI)သင်တန်းများတွင်    ဘာသာရပ်အလိုက် သင်ခန်းစာ လက်တွေ့လေ့ကျင့် သင်ကြားနေမှုနှင့် သင်တန်းများ၏ နေထိုင်စားသောက်မှု အခြေအနေ များအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ 

          ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဘားအံမြို့ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေး လုပ်ငန်းပညာ သင်တန်းကျောင်းသို့ ရောက်ရှိခဲ့ပြီး ကရင်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးပညာရေး နှင့် လေ့ကျင့်ရေးဦးစီးမှူးရုံး နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းနှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းများမှ ဝန်ထမ်းများ ကျောင်းသား၊ ကျောင်းသူများ၊  သင်တန်းသူများနှင့် တွေ့ဆုံအမှာစကား ပြောကြားခဲ့ပြီး  ကျောင်းအုပ်များမှ သင်တန်း ကျောင်းဆိုင်ရာ အချက်အလက်များအား ရှင်းလင်း တင်ပြမှုအပေါ်  ဒုတိယဝန်ကြီးက လိုအပ်သည် များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ဂုဏ်ပြုချီးမြှင့်ငွေများ အသီးသီး ပေးအပ်ခဲ့ပါသည်။

          ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း(ဘားအံ)နှင့် လူငယ်သင်တန်းကျောင်း (ဘားအံ) တို့သို့ သွားရောက်၍ ကျောင်းဝင်း အတွင်းရှိ အိပ်ဆောင်၊ စားရိပ်သာ၊ စာကြည့်တိုက်နှင့် ဝန်ထမ်းအိမ်ရာများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Post Paragraph