နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့် လုပ်ငန်းခွင်အကြို သင်တန်းဖွင့်ပွဲတက်ရောက်

ဇွန်လ  ၂  ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဗဟိုလေ့ကျင့်ရေး‌ကျောင်း၌ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်၊စစ်ကိုင်း) တို့မှ သင်တန်းဆင်း‌ ကျောင်းသား၊ ကျောင်းသူများအနက် နယ်စပ်ရေးရာဝန်ကြီးဌာနတွင် ဝန်ထမ်းအဖြစ်တာဝန်ပေးအပ်ခြင်းခံရသူများကို လုပ်ငန်းလမ်းညွှန်ချက်များ သိရှိနားလည်နိုင်စေရန်အတွက် လုပ်ငန်းခွင်အကြိုသင်တန်း အမှတ်စဉ် (၃) သင်တန်းဖွင့်ပွဲအား ယနေ့နံနက်ပိုင်းတွင် အဆိုပါ သင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့် တက်ရောက်၍ သင်တန်းဖွင့် မိန့်ခွန်း ပြောကြားခဲ့ပါသည်။
    အခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဧည့်သည်တော်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။
    အဆိုပါ သင်တန်းကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ ကွပ်ကဲမှုအောက်ရှိ အမှုထမ်း ဝန်ထမ်းများအား အရည်အသွေးထက်မြက်ပြီး အတွေးအခေါ်မှန်ကန်မြင့်မားလာစေရန်၊ မိမိရာထူးအဆင့်နှင့်အညီ လုပ်ငန်းတာဝန်များကို ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်နိုင်ရုံသာမက ဆင်ခြင်တုံတရား ပြည့်ဝသော ဝန်ထမ်းကောင်းများဖြစ်လာစေရန်၊ သင်ကြားတတ်မြောက်ထားသော ပညာရပ်များကို လက်တွေ့လုပ်ငန်းခွင်၌ အကျိုးရှိစွာအသုံးချနိုင်စေရန်၊ ဝန်ကြီးဌာနမှ အားကိုးအားထားပြုရမည့် ဝန်ထမ်းကောင်းများဖြစ်လာစေရန် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းကို ၂-၆-၂၀၂၅ ရက်နေ့မှ ၂၇-၆-၂၀၂၅ ရက်နေ့အထိ ရက်သတ္တ ၄ ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။
    နေ့လယ်ပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျောင်းဝန်းအတွင်းရှိ စားရိပ်သာများ၊ အိပ်ဆောင်များ၊ စာသင်ဆောင်များ၊ တည်ဆောက်ရေးလုပ်ငန်းများနှင့် စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်‌ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
 

Post Paragraph