မတ်လ ၂၆ ရက်
ပူပြင်းခြောက်သွေ့သော နွေရာသီကာလသို့ ရောက်ရှိလာပြီဖြစ်ရာ ပေါ့ဆမီးများကြောင့် မီးလောင်မှုများ မကြာခဏ ဖြစ်ပေါ်နေသည့်အတွက် ဝန်ကြီးဌာန အဆောက်အဦများ၊ အရေးကြီး စာရွက်စာတမ်းများနှင့် ပတ်ဝန်းကျင်ရှိ သစ်တော၊ သစ်ပင်များ မီးလောင်မှုကြောင့် ပျက်စီး ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် ကြိုတင်ပြင်ဆင် လေ့ကျင့်ခြင်းများကို ဝန်ကြီးဌာနများနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ရှိရာ နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် မီးသတ်ဦးစီး ဌာနနှင့် ပူးပေါင်း၍ မီးဘေးလုံခြုံရေး အသိပညာများ ဆွေးနွေးဟောပြောပွဲ အခမ်းအနားနှင့် သရုပ်ပြ လေ့ကျင့်ခြင်းအား ယနေ့ နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ မီးဘေးလုံခြုံရေး အသိပညာများ ဆွေးနွေးဟောပြောပွဲ အခမ်းအနားကို နယ်စပ်ရေးရာ ဝန်ကြီးဌာန ဧရာဝတီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဥတ္တရသီရိခရိုင်၊ မီးသတ်ဦးစီးမှူး လက်ထောက် ညွှန်ကြားရေးမှူး ဦးစိုးသက်နောင်က မီးသတ်ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် မီးဘေး လုံခြုံရေးဆိုင်ရာများ ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ မီးငြှိမ်းသတ် သရုပ်ပြလေ့ကျင့်ခြင်းအား ဝန်ကြီးဌာန ယာဉ်ရပ်နားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ဥတ္တရသီရိခရိုင်၊ မီးသတ်ဦးစီးမှူးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၁၂ ဦးတို့က မီးလောင်ကျွမ်းမှု ဖြစ်ပေါ်လာပါက ငြှိမ်းသတ်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ဝန်ကြီးဌာန အရာထမ်း၊ အမှုထမ်း များနှင့်အတူ လက်တွေ့သရုပ်ပြလေ့ကျင့်ခဲ့ကြသည်။
အဆိုပါ အသိပညာများ ဆွေးနွေးဟောပြောပွဲနှင့် သရုပ်ပြလေ့ကျင့် ဆောင်ရွက်နေမှုများ အား နယ်စပ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုင်းထွန်းညို၊ ညွှန်ကြားရေးမှူးချူပ်များ၊ ဌာနအကြီးအကဲများနှင့် ဝန်ထမ်းများက တက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။